အမေရိကန်သွားမည့် ရွှေ့ပြောင်းသူများ မက္ကဆီနှင့်ဂွါတီမာလာနယ်စပ်မှ တရားမ၀င် ဖြတ်ကျော်

ဗဟိုအမေရိကကနေ ရွှေ့ပြောင်းလာသူ လူတန်းကြီးဟာ မက္ကဆီကိုနဲ့ ဂွါတီမာလာ နယ်စပ်ကနေ တရားမ၀င် ဖြတ်ကူးပြီးနောက် မြောက်ဘက်ကို ခရီးဆက်နေပါတယ်။
ရွှေ့ပြောင်းလာသူတွေနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ထရမ့်က အောက်တိုဘာလ ၂၀ ရက်နေ့မှာ တွစ်တာကနေ အခုလို ရေးသားခဲ့ပါတယ်။
“ကျနော်တို့ရဲ့ တောင်ပိုင်းနယ်စပ်ကို တရားမ၀င် ၀င်ရောက်လာခြင်းကနေ တားဆီးဖို့ အလုံးစုံကြိုးပမ်းမှုတွေ လုပ်ဆောင်နေပါတယ်။ ရွှေ့ပြောင်းလာသူတွေဟာ မက္ကဆီကိုမှာ အရင်ဆုံး ခိုလှုံခွင့် လျှောက်ထားရပါမယ်။ သူတို့တွေ မလျှောက်ထားဘူးဆိုရင်တော့ အမေရိကန်က လက်ခံမှာမဟုတ်ဘူး။ တရားရုံးတွေက အမေရိကန်ကို လုပ်လို့မရတဲ့ အရာတွေ လုပ်ခိုင်းနေတယ်။” လို့ ရေးသားခဲ့ပါတယ်။
ဒါ့အပြင် သမ္မတထရမ့်က “ရွှေ့ပြောင်းလာသူတွေဟာ ဒီမိုကရက်တစ်ပါတီအဖို့ ရှက်ဖွယ်ကိစ္စပဲဖြစ်တယ်။ လူဝင်မှု ကြီးကြပ်ရေး ဥပဒေတွေကို အခုပဲ ပြောင်းလဲရမယ်” လို့လည်း ရေးခဲ့ပါတယ်။
အောက်တိုဘာလ ၂၁ ရက်နေ့မှာတော့ ဟွန်ဒူးရပ်စ်နိုင်ငံသား အများစုပါဝင်တဲ့ ရွှေ့ပြောင်းလာသူတွေဟာ မက္ကဆီကို နိုင်ငံထဲကို စတင်ဝင်ရောက်နေပါတယ်။
ဟွန်ဒူးရပ်စ်က ရွှေ့ပြောင်းလာသူ အန်းရစ်က “မက္ကဆီကန် အာဏာပိုင်တွေ အနေနဲ့ ကျနော်တို့ကို ဖြတ်သန်းခွင့်နဲ့ အထောက်အပံ့တွေ ပေးသင့်ပါတယ်။ ကျနော်တို့က မက္ကဆီကို နိုင်ငံကို လာတာမဟုတ်ပါဘူး။ အမေရိကန်နိုင်ငံကို သွားမလို့ပါ။ မက္ကဆီကန် အာဏာပိုင်တွေအနေနဲ့ ကျနော်တို့ကို ခွင့်ပြုပေးနိုင်ပါတယ်။ ကျနော်တို့ကို ပို့ဆောင်ပေးဖို့ လိုအပ်ပါတယ်။ ကျနော်တို့ ၃ ရက်လုံးလုံး အစာမစားဘဲ ခရီးဆက်နိုင်ရင် သူတို့လည်း မက္ကဆီကို အမေရိကန် နယ်စပ်တံခါးကို ဖွင့်ပေးဖို့ အခက်အခဲ မရှိလောက်ပါူဘူး။ ကနော်တို့ကို ၆ နှစ် အလုပ်လုပ်ခွင့်ပဲ ပေးပါ။ ကျနော်တို့လိုချင်တာ ဒါပါပဲ။” လို့ ပြောသွားပါတယ်။
တောင်ပိုင်းအဝေးပြေးလမ်းမှာတော့ အဓိကရုဏ်းနှိမ်နင်းရေး ၀တ်စုံတွေ ၀တ်ဆင်ထားတဲ့ ရဲတွေဟာ ရွှေ့ပြောင်းလာသူ လူတန်းကြီးရှေ့ကို ကြိုတင်ရောက်ရှိနေပါတယ်။
အမည်မဖော်လိုသူ ရဲတဦးက အဲဒီလူတန်းကို တားဆီးဖို့ ညွှန်ကြားထားတာ မရှိဘူးလို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အမေရိကန်သမ္မတ ထရမ့်ကတော့ ရွှေ့ပြောင်းလာသူတွေကို မတားဆီးရင် ဟွန်ဒူးရပ်စ်နဲ့ ဂွါတီမာလာနိုင်ငံတွေကို အထောက်အပံ့ ရပ်ဆိုင်းပြီး တပ်ဖွဲ့ဝင်တွေ အကူအညီနဲ့ အမေရိကန်-မက္ကဆီကို နယ်စပ်ကို ပိတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။