မြစ်ကြီးနားတွင် ဗျောက်အိုး မီးရှူးမီးပန်း ရောင်းချသူ ၇ ဦးကို အမှုဖွင့်အရေးယူ
DVB
·
October 22, 2018
ဗျောက်အိုး၊ မီးရှူးမီးပန်း ရောင်းသူ ၇ ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ ဖြင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက တရားလိုပြုလုပ် အမှုဖွင့်ထားတယ်လို့ မြစ်ကြီးနား ခရိုင်ရဲတပ်ဖွဲ့မှူးထံမှ သိရပါတယ်။
မြစ်ကြီးနားမြို့နယ်မှာ ဗျောက်အိုးနဲ့ မီးရှူးမီးပန်းတွေ သိုလှောင်ရောင်းချဖြန့်ဖြူးခြင်း ပစ်ပေါက်ခြင်းမပြုလုပ်ဖို့ တားမြစ်ကြေညာချက်ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်က ထုတ်ပြန်ထားတာပါ။
သီတင်းကျွတ်ပွဲတော်ကနေ တန်ဆောင်တိုင်ပွဲတွေကို အမှီပြုပြီး ဗျောက်အိုး မီးရှူးမီးပန်းတို့ ရောင်းချပစ်ဖောက်ခြင်း မပြုလုပ်လို့ အစိုးရအဖွဲ့ လမ်းညွန်ချက်နဲ့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ဒေသန္တရအမိန့် ၁၄၄ ထုတ်ပြန်ထားတာပါ။
ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးသိန်းနိုင်က "သီတင်းကျွတ်၊ တန်ဆောင်တိုင် မီးထွန်းပွဲတော်ပြီးတဲ့အချိန်ထိ ဗျောက်အိုး၊ မီးရှူး မီးပန်းတွေ ပစ်ပေါက်ရောင်းချခြင်း မရှိစေဖို့ နယ်မြေခံရဲတပ်ဖွဲ့ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ရောင်းချတဲ့ဆိုင်တွေကို စစ်ဆေးမှုတွေလုပ်ခဲ့တယ်"လို့ ပြောပါတယ်။
ဗျောက်အိုး မီးရှူးမီးပန်းရောင်းချတဲ့ ဆိုင်တွေဖြစ်တဲ့ အေးစေတီ၊ ရပ်ပူ၊ ခေမာသီရိ ရပ်ကွက်က ရောင်းချသူ ၇ဦးကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တရားလိုလုပ်ပြီး တရားရုံးကို ဦးတိုက် လျှောက်အမှု ဖွင့်ထားပါတယ်။
ဗျောက်အိုး မီးရှူးမီးပန်းရောင်းချသူတွေကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ နဲ့ အရေးယူ ထားတာကြောင့် တားမြစ်မိန့်ကိုဖီဆန်တဲ့ အမှုလည်းဖြစ်ပါတယ်။
ဒီအမှုရဲ့ပြစ်မှုပြစ်ဒဏ်အနေနဲ့ အလုပ်မဲ့ထောင်ဒဏ် ၁ လဖြစ်စေ ငွေဒဏ် ၂၀၀ဖြစ်စေ သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ဖြစ်စေကျခံနိုင်တာဖြစ်ပြီး တကယ်လို့ အဲ့လို ဖီဆန်လိုက်တဲ့ကိစ္စသည် လူ့အသက်ကို လည်းကောင်း၊ ကျန်းမာရေးကိုလည်းကောင်း၊ လုံခြုံရေးကိုလည်ကောင်း ဘေးဖြစ်စေရန်ဖြစ်စေ ရုန်းရင်းဆန်ခတ် ဖြစ်စေမှုကိုလည်းကောင်း တပ်ဖွဲ့ကိုနှောက်ယှက်မှုကို လည်းကောင်း ဖြစ်စေရင်တော့ ထောင်ဒဏ် ၆ လဖြစ်စေ ငွေဒဏ် ၂၀၀၀ ကျပ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။