A d v e r t i s e m e n t With Us

ကောင်စစ်ဝန်ရုံးထဲ သေဆုံးခဲ့သည့် ဆော်ဒီသတင်းထောက်၏ချစ်သူကို တူရကီရဲများ စောင့်ရှောက်

ဓာတ်ပုံ - Sabah File Photo
ဆော်ဒီကောင်စစ်ဝန်ရုံးထဲ သေဆုံးခဲ့တဲ့ သတင်းထောက် ဂျမယ်လ်ခါရွှန်းအီနဲ့ စေ့စပ်ထားတဲ့ တူရကီနိုင်ငံသူ ဟာတစ်ဂျင်ဂစ္စကို တူရကီအာဏာပိုင်တွေက ၂၄ နာရီပတ်လုံး ရဲအစောင့်နဲ့ ကာကွယ်စောင့်ရှောက်ထားတယ်လို့ တူရကီအစိုးရ မီဒီယာ အနာဒိုလူက အောက်တိုဘာ ၂၁ ရက်မှာ ပြောပါတယ်။ သူ့ကို ဘာကြောင့် လုံခြုံရေး ပေးရသလဲဆိုတဲ့ မေးမြန်းချက်တွေကိုတော့ တူရကီ အာဏာပိုင်တွေဘက်က မတုံ့ပြန်သေးပါဘူး။ ခါရွှန်းအီဟာ အမေရိကန်အခြေစိုက် ဝါရှင်တန်ပို့စ် သတင်းစာရဲ့ ပင်တိုင်ဆောင်းပါးရှင်နဲ့ အမေရိကန်နိုင်ငံမှာ နေထိုင်ခွင့်ရထားသူပါ။ ဟာတစ်ဂျင်ဂစ္စနဲ့ လက်ထပ်ဖို့ စာရွက်စာတမ်းတွေ ရနိုင်ရေး တူရကီနိုင်ငံမှာရှိတဲ့ ဆော်ဒီအာရေဗျ ကောင်စစ်ဝန်ရုံးထဲ ဝင်သွားအပြီး အောက်တိုဘာ ၂ ရက်နေ့တည်းက ပျောက်နေခဲ့ပါတယ်။ သူဘာဖြစ်သွားလဲဆိုတာနဲ့ ပတ်သက်ပြီး ဆော်ဒီအစိုးရက မသိဘူးလို့ ငြင်းခဲ့ပြီး ကောင်စစ်ဝန်ရုံးကနေ ပြန်ထွက်သွားတယ်လို့ အစောပိုင်းမှာ ပြောခဲ့ပါတယ်။ ဒါပေမယ့် ခါရွှန်းအီဟာ ကောင်စစ်ဝန်ရုံးအတွင်း ခိုက်ရန်ဖြစ်ပွားမှုမှာ သေဆုံးခဲ့တယ်လို့ ဆော်ဒီအစိုးရက အောက်တိုဘာ ၂၀ မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ သူသေဆုံးမှုဟာ ကြီးမားပြီး ဝမ်းနည်းရတဲ့ အမှားပဲလို့လည်း ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ခါရွှန်းအီ ပျောက်သွားတဲ့နေ့က သူ့အမျိုးသမီးဟာ ကောင်စစ်ဝန်ရုံး အပြင်ဘက်မှာ နာရီနဲ့ချီပြီး စောင့်နေခဲ့တယ်လို့ ပြောပါတယ်။ ခါရွှန်းအီ သေဆုံးကြောင်း ဆော်ဒီအာရေဗျ အစိုးရက အတည်ပြုအပြီးမှာ အမျိုးသမီးက “ရှင့်ရဲ့ခန္ဓာကိုယ်ကို ဒီကမ္ဘာကနေ သူတို့ ယူသွားကြတယ်။ ဒါပေမယ့် ရှင့်ရဲ့ လှပတဲ့အပြုံးကတော့ ကျမရဲ့ကမ္ဘာမှာ အမြဲ ရှိနေမှာပါ” လို့ တွစ်တာ လူမှုကွန်ရက်မှာ အာရပ်ဘာသာနဲ့ ရေးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up