ဒဏ်ရာကြောင့် သုံးပတ်အနားယူရတော့မည့် မက်ဆီ

လာမယ့်ပွဲစဉ်တွေကို အသင်းရဲ့ အဓိကကစားသမား လီယွန်နယ်မက်ဆီမပါဘဲ ကစားရတော့မယ်လို့ ဘာစီလိုနာအသင်းရဲ့ နည်းပြဖြစ်သူ အာနက်စတို ဗဲလ်ဗာဒီက ပြောဆိုလိုက်ပါတယ်။ ဘာကာအသင်းရဲ့ တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ စနေနေ့က ကစားခဲ့တဲ့ ဆီဗီလာအသင်းနဲ့ပွဲစဉ်မှာ လက်ဒဏ်ရာရခဲ့တာဖြစ်ပြီး သုံးပတ်လောက်အနားယူရတော့မှာပါ။ ဒီဒဏ်ရာကြောင့် မက်ဆီဟာ အင်တာမီလန်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပါအဝင် လာမယ့် အပတ် တနင်္ဂနွေနေ့ ကန်မယ့် ရီးရဲလ်ရဲမက်ဒရစ်အသင်းနဲ့ပွဲ၊ ဗယ်လက်ကာနိုအသင်း၊ ရီးရဲလ်ဘက်တစ်အသင်းတိုနဲ့ လာလီဂါပွဲစဉ်တွေကိုလည်း လွဲချော်ရတော့မှာဖြစ်ပါတယ်။ မက်ဆီရဲ့ဒဏ်ရာသတင်းကို ဘာစီလိုနာ အသင်းဘက်ကလည်း အတည်ပြုပေးထားပြီး အာဂျင်တိုင်းသားဟာ ညာဘက်လက်မောင်းကျိုးဒဏ်ရာကြောင့် ခန့်မှန်းခြေသုံးပတ်လောက် အနားယူရတော့မယ်လို့ ကြေညာချက်ထုတ်ပြန်ပေးထားပါတယ်။ မက်ဆီဟာ ဒီဒဏ်ရာကို ဆီဗီလားနဲ့ ပွဲပထမပိုင်းမှာ ရရှိခဲ့တာဖြစ်ပြီး အဲ့ဒီမတိုင်ခင် ဖိလစ်ပီကော်တင်ဟိုရဲ့ အဖွင့်ဂိုးကို ဖန်တီးပေးခဲ့ကာ သူကိုယ်တိုင်လည်း ၁ ဂိုးသွင်းယူပေးခဲ့ပါတယ်။ “မက်ဆီက ဘာစီလိုနာအသင်းကို ဘာတွေ လုပ်ပေးနိုင်သလဲ ဆိုတာ အားလုံးသိသလို သူသာ ကွင်းထဲမှာရှိရင် ပြိုင်ဘက်တွေအနေနဲ့လည်း ဘာတွေဖြစ်လာနိုင်တယ်ဆိုတာ သိထားပါတယ်။ အခုသူ မပါဝင်နိုင်ပေမယ့် ကျနော်တို့ဆီမှာရှိတဲ့ အရင်းအမြစ်တွေနဲ့ ခက်ခဲတဲ့ ပွဲစဉ်တွေကို ကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်” လို့ နည်းပြဗဲလ်ဗာဒီက ပြောပါတယ်။ ဗဲလ်ဗာဒီအပြင် မက်ဆီရဲ့ ကစားဖော်တွေကလည်း သူတို့အသင်းဟာ မက်ဆီမပါလည်း ပြိုင်ဘက်တွေကို အနိုင်ယူနိုင်တယ်လို့ ပြောကြားခဲ့ကြပါတယ်။ မက်ဆီရဲ့ ဒဏ်ရသတင်းက ဘာကာအသင်းသားတွေကို စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်စေနိုင်မှာ မဟုတ်ဘူးလို့ ဂျရတ်ပီကေးက ပြောပါတယ်။ ဘာကာအသင်းက ဆီဗီလာနဲ့ ပွဲတုန်းကလို မက်ဆီမပါလည်း ဂိုးသွင်းနိုင်ပါတယ်လို့ ကယ်လီမန့်လန်းလက်က ပြောပါတယ်။ အောက်တိုဘာ ၂၀ ရက်နေ့မှာ ယှဉ်ပြိုင်ခဲ့တဲ့ ဘာကာအသင်းနဲ့ ဆီဗီလာအသင်းတို့ ပွဲစဉ်မှာ ဘာကာအသင်းက ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး မက်ဆီဒဏ်ရာရပြီးတဲ့နောက်မှာမှ ဆွာရက်နဲ့ ရာကီတစ်တို့က ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up