မမှန်မကန် ပုံစံ ၇ ထုတ်ပေးမှုကြောင့် တောင်သူများ နစ်နာဟု လွှတ်တော်ကိုယ်စားလှယ်ပြော

2.6K
ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်မှာ မြေစာရင်းဌာနရဲ့ back date တွေနဲ့ မမှန်မကန်ပုံစံ ၇ ထုတ်ပေးတာတွေကြောင့် တောင်သူတွေ တရားစွဲဆိုခံနေရပြီး နစ်နာမှုတွေ ရှိနေရတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။
“တောင်သူတွေ တိုင်ကြားမှုတွေကြောင့် ၂၀၁၆ ခုနှစ် ၅ လပိုင်းက ၁ ကြိမ်၊ ၂၀၁၇ ခုနှစ် ၁ လပိုင်းမှာ ၁ ကြိမ် ကွင်ဆင်းစစ်ဆေးတဲ့အခါမှာ ပုံစံ ၇ ထုတ်ပေးထားတာ မရှိသေးဘူးဆိုတာ အပိုင်မြေတိုင်းစာရေးထံကနေ သိရှိရပေမယ့် နောက်ပိုင်းမှာ မြို့နယ်မှာ စစ်ဆေးတဲ့အခါ ၆ လပိုင်း ၂၄ ရက် ၂၀၁၆ မှာ ပုံစံ ၇ ထုတ်ပြီးပြီဆိုပြီး တွေ့ရတယ်” လို့ ဒိုက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင်က ပြောပါတယ်။
ပန်းကိုင်းကျေးရွာ ကွင်းအမှတ် (၄၆၅) ပရောက်ကွင်းက ၆၀၅ ဧကကို ၂၀၀၇ ခုနှစ်မှာ ကုမ္ပဏီက သိမ်းယူသွားခဲ့တာလို့ တောင်သူ ဦးချစ်ခင်က ပြောပါတယ်။
အဲ့ဒီလယ်ယာမြေနဲ့ ပတ်သက်လို့ ဒိုက်ဦးမြို့နယ် တရားရုံးမှာ တောင်သူ ၂၁ ဦးကို ကျူးကျော် ဝင်ရောက်စိုက်ပျိုးတယ်လို့ဆိုကာ ရာဇသတ်ကြီးပုဒ်မ ၄၄၇၊ ၄၂၇ တို့နဲ့ တရားစွဲဆိုထားတယ်လို့ ဆိုပါတယ်။
“ပုံစံ ၇ ရှိတယ်ဆိုပြီး တဲထိုးတာ စိုက်ပျိုးတာကို ကျူးကျော်တယ်ဆိုပြီး ရဲစခန်းသွားတိုင် အမှုဖွင့်ရုံးတင်တရားစွဲလုပ်နေတော့ ကျနော်တို့ မူလလက်ငုတ် လယ်သမားတွေ အများကြီးနစ်နာနေရတယ်” လို့ ဦးချစ်ခင်က ပြောပါတယ်။
၂၀၁၅ ခုနှစ်မှာ မြေလွတ်မြေလပ်နဲ့ မြေရိုင်းတွေကို လယ်ယာမြေအဖြစ် ပြောင်းလဲသတ်မှတ်ပေးဖို့ ဆိုပြီး မြတ်မင်းကုမ္ပဏီက လျှောက်ထားခဲ့တာကြောင့် ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ၂၀၁၆ ခုနှစ်မှာ လယ်ယာမြေအဖြစ် ခွင့်ပြုပေးခဲ့တာဖြစ်ပြီး ကျေးရွာမြို့နယ်ခရိုင် လယ်စီအဖွဲ့ အဆင့်ဆင့်ရဲ့ ခွင့်ပြုချက်နဲ့ ပုံစံ ၇ ထုတ်ပေးခဲ့တာလို့ ဒိုက်ဦးမြို့နယ် မြေစာရင်းဦးစီးမှူးက ဦးဇော်လွင်က တုံ့ပြန်ထားပါတယ်။