Home
မြန်မာသတင်း
မူးယစ်ဆေးပြတ်ပြီးသူများကို ကူညီပေးရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
ရွှေအောင်
·
October 19, 2018
မူးယစ်ဆေးဝါးပြတ်ပြီးတဲ့သူတွေကို ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းက ကူညီပေးရမှာဖြစ်ပြီး ဆေးသုံးလို့ ထောင်ထဲထဲ့နေရင်တော့ ထောင်တွေပဲ ကျပ်ကုန်လိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မြစ်ကြီးနားမြို့မှာ အောက်တိုဘာ ၁၉ ရက်ကလုပ်တဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ မူးယစ်ဆေးဝါးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း လွှဲပြောင်းလှူဒါန်းပွဲမှာ ပြောခဲ့တာ ဖြစ်ပါတယ်။ “စွဲပြီးတဲ့လူတွေဖြတ်လိုက်တယ်။ ဖြတ်ပြီးတော့ သိပ်အရေးကြီးတာက ဆက်ပြီးတော့ ပြတ်နေဖို့ ပြတ်နေတဲ့အခြေအနေကို ထိန်းသိမ်းသွားဖို့ပဲ။ အဲဒါ သိပ်ပြီးတော့ ခက်ခဲပါတယ်။ မူးယစ်ဆေးဝါး တခါစွဲပြီးလို့ ဖြတ်ပြီးလို့ ပြန်ပြီးတော့ စွဲတဲ့သူတွေက လုံးဝ ပြတ်သွားတဲ့လူတွေထက် အများကြီး ပိုပြီးတော့ များပါတယ်။ ဒါကြောင့်မို့ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ ဥပဒေကို ပြောင်းလဲလိုက်ရတယ်ဆိုတာဟာ တကမ္ဘာလုံးကလည်း သိနေပါပြီ။ ကျမတို့ ပြည်သူ ပြည်သားတွေလည်းသိဖို့ အချိန်တန်ပါပြီ။ မူးယစ်ဆေးဝါးကို ဆေးပညာနဲ့ ဖြတ်ပြီးတဲ့အခါ ဆက်ပြီးတော့ ပြတ်နေအောင်လို့ဆိုတာဟာ လူ့အသိုင်းအ၀ိုင်းက သူ့ရဲ့ ပတ်ဝန်းကျင်က ကူညီပေးမှ ဖြစ်မှာပါ။ ထပ်ပြီးတော့ မူးယစ်ဆေးဝါးသုံးလို့ ဆိုပြီးတော့ ထပ်ပြီး ထောင်ထဲ ထည့်မယ်ဆိုလို့ရှိရင် ထောင်နေရာမလောက်ရုံပဲ ရှိလိမ့်မယ်။ ဒီလိုနည်းနဲ့ ကျမတို့ ဖြတ်လို့ မရပါဘူး” မိဘတွေ ဆရာ ဆရာမတွေအနေနဲ့ မိမိရဲ့ သားသမီး မိမိရဲ့တပည့် မူးယစ်ဆေးဝါး သုံး မသုံး အမြဲစောင့်ကြည့်နေကြဖို့ လိုတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က သတိပေးပါတယ်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအနေနဲ့ ချက်သမ္မတနိုင်ငံရဲ့ အဓိကအကူအညီအထောက်အပံ့နဲ့ မြစ်ကြီးနားမြို့က မူယစ်ဆေးဝါးပြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းကို တည်ဆောက်ခဲ့ပြီး ဒီနေ့မှာတော့ လူကယ်ပြန်ဝန်ကြီးဌာနကို အဆောက်အအုံ လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။ အလားတူ ပြန်လည်ထူထောင်ရေးစခန်းတွေကို နိုင်ငံတ၀န်း ဆက်လက်ဆောက်လုပ် လှူဒါန်းသွားမှာလည်း ဖြစ်ပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မြစ်ကြီးနားမြို့က မူယစ်ဆေးဝါးပြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း ဖွင့်ပွဲအခန်းအနားမှာ မြန်မာနိုင်ငံနဲ့ ချက်သမ္မတနိုင်ငံတို့ရဲ့ ရှည်လျားတဲ့ ဆက်ဆံရေး၊ ချက်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် ကူညီထောက်ပံ့မှုတွေအတွက် အလေးအနက်ကျေးဇူးတင်တယ်လို့လည်း အသိအမှတ်ပြု ပြောသွားပါတယ်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၆ ခုနှစ်တည်းက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ထောက်ပံ့ကူညီ ကျွေးမွေးစောင့်ရှောက်ပေးထားတဲ့ မြစ်ကြီးနားမြို့ပေါ်ရွှေစက်ရပ်ကွက်ရှိ ဆော့လော်၊လာချင်ဒေသနေ ကျောင်းသားကလေးငယ်များ စောင့်ရှောက်ရေးစခန်းကို သွားရောက်ကြည့်ရှူပြီး အားပေး စကားပြောကြားကာ ကလေးတွေနဲ့ နေ့လယ်စာ အတူတကွ စားသုံးခဲ့ပါတယ်။ ဒါ့အပြင် ကလေးတွေအတွက် ဂွမ်းစောင်၊ မျက်နှာသုတ်ပုဝါ၊ ကျောင်းသုံးဗလာစာအုပ်တွေ လှူဒါန်း ပေးခဲ့တယ်လို့ ဖောင်ဒေးရှင်းသတင်းမှာ ဖော်ပြထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ မနက်ပိုင်းကလည်း မြစ်ကြီးနားမြို့ရှိ စိန့်ဂျိုးဇက် ယာယီကယ်ဆယ်ရေးစခန်းကို သွားရောက်ပြီး စခန်းနေဒေသခံတွေကို အားပေးစကား ပြောကြားကာ အလှူငွေ ပေးအပ်လှူဒါန်းခဲ့ပါသေးတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024