Home
မြန်မာသတင်း
စစ်တွေ အုန်းတော်ချေ ကယ်ဆယ်ရေးစခန်းမီးလောင်၊ လူ ၆ ဦးသေဆုံး
DVB
·
October 19, 2018
ရခိုင်ပြည်နယ် စစ်တွေမြို့ အုန်းတော်ချေကယ်ဆယ်ရေးစခန်းမှာ အောက်တိုဘာ ၁၈ ရက် ည ၁၁ နာရီခွဲလောက်က မီးလောင်မှုဖြစ်ပွားပြီး လူ ၆ ဦးသေဆုံးခဲ့တယ်လို့ ပြည်နယ်မီးသတ်အဖွဲ့က တရားဝင်သတင်းထုတ်ပြန်ထားပါတယ်။ စစ်တွေမြို့နယ် မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးဟန်စိုး ဦးဆောင်ပြိး မီးသတ်တပ်ဖွဲ့ဝင် ၁၈ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦး၊ မီးငြှိမ်းသတ်ရေသယ်ယာဉ် ၁ စီး၊ မီးသတ်ရေသယ်ယာဉ် ၁ စီးတို့နဲ့ ငြှိမ်းသတ်ခဲ့ပြီး မနက် ၁ နာရီကျော်လောက်မျာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အဆောင် ၁၂ ၊ အခန်း ၁  ဦးနော်ဇူမျာ အခန်း မီးဖိုမီးကြွင်းမီးကျန်ကတဆင့် စတင်လောင်ကျွမ်းခဲ့ကာ အဆောင်တန်းလျား ၁၅ လုံး မီးလောင်ခဲ့ပြီး လူ ၈၂၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့တယ်လို့ ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။ မီးလောင်တဲ့နေရာကိုလည်း ဒီနေ့မနက်မှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်နဲ့ တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးခဲ့ပြီး မီးဘေးသင့်သူတွေကို ထောက်ပံ့ပစ္စည်းတွေ ပေးအပ်ခဲ့ပါတယ်။ မီးလောင်မှုကြောင့် ၄၅×၃၀ (သွပ်မိုး၊ ဝါးကာ၊တစ်ထပ်)(၈) ခန်းတွဲ လူနေအိမ်ခန်း ၁၅ ဆောင် မီးလောင်ခံရပြီး မီးလောင်သေဆုံးမှု ၆ ဦး၊ မီးဘေးဒုက္ခသည် အိမ်ထောင်စု ၁၄၁ စု၊ လူဦးရေ ကျား/မ ပေါင်း ၈၂၂ ဦးအား မိသားစုဆွေမျိုးတွေအိမ်မှာ ယာယီနေရာချထားတယ်လို့ ပြည်နယ်မီးသတ်တပ်ဖွဲ့က တရားဝင်သတင်း ထုတ်ပြန်ထားပါတယ်။ ဒီဖြစ်စဉ်ကြောင့် မီးပေါ့ဆသူ ဦးနော်ဇူမျာကို စစ်တွေမြို့မရဲစခန်းက အမှုဖွင့်အရေးယူထား တယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024