အာဖဂန်လုံခြုံရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးရာဇတ် ကိုယ်ရံတော်ပစ်ခတ်မှုကြောင့် သေဆုံး

ဓာတ်ပုံ - AFP/Getty Images
အာဖဂန်နစ္စတန်ရဲ့ သြဇာအကြီးဆုံး လုံခြုံရေးအကြီးအကဲတဦးဖြစ်သူ ဗိုလ်ချုပ်ကြီး အဗ္ဗဒူရာဇတ်ဟာ ကိုယ်ရံတော်တဦးရဲ့ ပစ်ခတ်မှုကြောင့် အောက်တိုဘာ ၁၈ ရက်နေ့က သေဆုံးသွားပါတယ်။ အဲဒီလို သေဆုံးတာနဲ့ ပတ်သက်လို့ သမ္မတ အာရှက်ဂါနီက ဝမ်းနည်း စာနာထောက်ထားကြောင်း ပြောကြားခဲ့ပါတယ်။ ကန်ဒါဟာပြည်နယ်အုပ်ချုပ်ရေးမှူး ရုံးဝင်းအတွင်း ပြုလုပ်တဲ့ အစည်းအဝေး တက်ရောက်ပြီးနောက် ဗိုလ်ချုပ်ကြီးရာဇတ် ပစ်သတ်ခံရတာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ အမေရိကန်ဗိုလ်ချုပ်ကြီး စကော့မေလာကတော့ တိုက်ခိုက်မှုမှာ ဒဏ်ရာအနာတရ မဖြစ်ခဲ့ဘူးလို့ သိရပါတယ်။ ဒါပေမယ့် NDS ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲ သေဆုံးခဲ့ပြီး ပြည်နယ်အုပ်ချုပ်ရေးမှူး ဖြစ်သူ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ဒီတိုက်ခိုက်မှုကို တာလီဘန်အဖွဲ့က သူတို့လက်ချက်ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး အမေရိကန် ဗိုလ်ချုပ်ကြီး မေလာနဲ့ အာဖဂန်ဗိုလ်ချုပ်ကြီး ရာဇတ် နှစ်ဦးစလုံးကို ပစ်မှတ်ထားခဲ့တယ်လို့ ပြောပါတယ်။ ဗိုလ်ချုပ်ကြီးရာဇတ်ဟာ အကြမ်းဖက်သမားတွေကို အညှာတာမဲ့ ဖိနှိပ်သူတဦးအဖြစ် ထင်ရှားပါတယ်။ ဒီတိုက်ခိုက်မှုဟာ လာမယ့် အောက်တိုဘာ ၂ဝ ရက် လွှတ်တော်ရွေးကောက်ပွဲ မတိုင်မီ အာဖဂန်အစိုးရအတွက် ထိုးနှက်ချက်တရပ်ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up