တရုတ်တွင် မြေပြိုပြီးနောက် ဆည်တခု ဖြစ်ပေါ်

2.5K
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ယာလန်ဆန်ပိုမြစ်ဝှမ်းမှာ မြေပြိုအပြီး အောက်တိုဘာ ၁၇ ရက်မနက်က ဆည်ပုံစံတခု ပေါ်လာခဲ့တယ်လို့ ဒေသန္တရ အာဏာပိုင်တွေက ပြောပါတယ်။
မန်လင်မြို့ထဲ ရွာတရွာနားမှာ မနက်အစောပိုင်းက မြေပြိုခဲ့တဲ့အတွက် မြစ်ကြောင်း ပိတ်ဆို့ခဲ့တယ်လို့ ဒေသခံ ရေအရင်းအမြစ်ဌာနက ပြောပါတယ်။
မွန်းလွဲပိုင်းမှာ ရေမျက်နှာပြင်က မီတာ ၄၀ ထိ မြင့်တက်ခဲ့တာပါ။ မြေပြိုတာကြောင့် ဖြစ်လာတဲ့ဆည်အတွင်း ရေဟာ ကုဗမီတာ သန်း ၁၅၀ ထိ စုလာနိုင်တယ်လို့ ဌာနက ပြောပါတယ်။
ဒါကြောင့် တိဘက်အစိုးရ အာဏာပိုင်တွေက အရေးပေါ်တုံ့ပြန်ရေး အစီအစဉ်ကို စတင်ခဲ့ပြီး အနီးအနားရွာထဲက လူ ၅၉ ယောက်ကို ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ပါတယ်။
မြေပြိုက်မှုကြောင့် ထိခိုက်သေဆုံးမှု အစီရင်ခံစာတော့ မရှိသေးပါဘူး။
ဘူမိဗေဒပညာရှင်တွေနဲ့ ရေဖြန့်ဖြူးမှု ပညာရှင်တွေပါတဲ့ လုပ်ငန်းအဖွဲ့လည်း မြေပြိုတဲ့နေရာကို ရောက်လာပါတယ်။
ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေလုပ်ဖို့ ဒေသခံ မီးသတ်ဌာနနဲ့ စစ်တပ်က တပ်ဖွဲ့ဝင်တွေကို အခင်းဖြစ်ရာဆီ စေလွှတ်ခဲ့ပါတယ်။
မြေပြိုမှုကြောင့် ဖြစ်လာတဲ့ဆည်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို မြစ်ဆက်လက်စီးဆင်းရာ မြစ်အောက်ပိုင်းက အိန္ဒိယနိုင်ငံဆီ အကြောင်းကြားဖို့ကိုလည်း ရေအရင်းအမြစ် ဝန်ကြီးဌာနက ဒေသန္တရအစိုးရကို ညွှန်ကြားထားပါတယ်။