Home
မြန်မာသတင်း
အပစ်ရပ်လက်မှတ်ထိုးထားသည့် ပအိုဝ်းနှင့် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ တိုက်ပွဲဖြစ်ပွား
ရွှေအောင်
·
October 18, 2018
အန်စီအေ အပစ်ရပ်စာချုပ် လက်မှတ်ထားတဲ့ တပ်ဖွဲ့ ၂ခုဖြစ်တဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)နဲ့ ရှမ်းပြည်တပ်မတော် (RCSS/SSA)တို့အကြား တိုက်ပွဲဖြစ်ပွားပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှု ရှိခဲ့ပါတယ်။ ရှမ်းပြည်နယ်၊ မိုင်းပန်မြို့နယ်ထဲမှာ နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ ခွန်မြင့်ထွန်း က ပြောပါတယ်။ “လတ်တလော ဖြစ်ပွားရတဲ့အကြောင်းရင်းကတော့ ကျနော်တို့ရဲ့ တပ်ဖွဲ့ဝင်တွေက အဲ့ဒီ ကျေးရွာက နာရေးကိစ္စဖိတ်လို့ သွားပါတယ်၊ သွားတဲ့အခါကျတော့ ဒေသခံတွေနဲ့ မတွေ့သေးခင် မှာပဲ RCSS တပ်ဖွဲ့နဲ့ တွေ့ပြီး တိုက်ပွဲဖြစ်တာပါ။” အောက်တိုဘာ ၁၄ ရက်နဲ့ ၁၆ ရက်တို့မှာ နှစ်ဘက် ထိတွေ့တိုက်ပွဲဖြစ်ပြီး အထိအခိုက် အကျအဆုံး ရှိပေမယ့် တိတိကျကျတော့ မသိရသေးဘူးလို့လည်း ပြောပါတယ်။ မိုင်းပန်မြို့နယ်ထဲက ရွာတွေမှာ ပအိုဝ်းတိုင်းရင်းသားအများစု နေထိုင်ကြတာဖြစ်ပြီး ဒေသခံတွေဟာ နှစ်ဘက် တိုက်ပွဲကြောင့် စိုးရိမ်ပူပင်နေကြတယ်။ PNLO တပ်ဖွဲ့ဝင်တွေဟာ အခုအချိန်အထိ အဲ့ဒီရွာတွေမှာပဲ ရှိနေသေးတယ်လို့လည်း ပြောပါတယ်။ ပအိုဝ်းအများစုနေထိုင်ကြတဲ့ မိုင်းပန်မြို့နယ်ထဲက ရွာတွေမှာ ၁၉၉၄ ခုနှစ်ကတည်းက အလားတူ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားလေ့ ရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ်တုန်းကလည်း အလားတူ နှစ်ဘက်တပ်တွေ တိုက်ပွဲဖြစ်လို့  PNLOဥက္ကဋ္ဌနဲ့ ရှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌတို့ကြား ညှိနှိုင်းဆောင်ရွက်ခဲ့ဖူးသလို အခုလည်း အလားတူ လုပ်ဆောင်သွားမယ်လို့ ခွန်မြင့်ထွန်းက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024