ကျောင်းသား ၁၉ ဦးထက်မနည်း သေဆုံးခဲ့သည့်တိုက်ခိုက်မှု အစုအပြုံလိုက် လူသတ်မှုဖြစ်ဟု ရုရှားပြော

ရုရှားက သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားဒေသမှာ ကျောင်းသား ၁၉ ဦးထက်မနည်း သေဆုံးခဲ့ရတဲ့ အောက်တိုဘာ ၁၇ ရက် တိုက်ခိုက်မှုဟာ အကြမ်းဖက်သမားရဲ့ တိုက်ခိုက်မှု မဟုတ်ဘဲ အစုလိုက်အပြုံလိုက် လူသတ်မှုဖြစ်တယ်လို့ ရုရှားအရာရှိတွေက ပြောပါတယ်။ သေဆုံးသူအများစုဟာ ဆယ်ကျော်သက် ကျောင်းသားတွေဖြစ်ပြီး သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးတာပါ။ လုံခြုံရေးကင်မရာတခုက ဖမ်းယူရိုက်ကူးထားတဲ့ ရုပ်သံထဲမှာ ကျောင်းသားဟောင်း တယောက်ဟာ ရိုင်ဖယ်သေနတ်ကိုင်ပြီး ပင်လယ်နက်ဆိပ်ကမ်းမြို့ ခါ့ခ်ျမြို့ထဲက နည်းပညာကောလိပ်ထဲကို ဝင်လာခဲ့တာပါ။ သူဟာ စတုတ္ထနှစ် ကျောင်းသားဟောင်းဖြစ်ပြီး အသက် ၁၈ နှစ်ရှိပြီလို့ ရုရှား စုံစမ်းစစ်ဆေးရေး ကော်မတီမှ စဗစ်လာနာ ပေထရန်ကိုက ပြောပါတယ်။ ပစ်ခတ်တိုက်ခိုက်အပြီး သူ့ကိုယ်သူ ပစ်ခတ်ထားတဲ့ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ သံသယရှိသူရဲ့ အလောင်းကို ကျောင်းဝင်းထဲမှာ တွေ့ခဲ့ပါတယ်။ အခင်းဖြစ်နေရာကို စစ်ဆေးအပြီးမှာ သံသယရှိသူဟာ ပစ်ခတ်တိုက်ခိုက်အပြီး သူ့ကိုယ်သူ သတ်သေခဲ့တယ်လို့ သက်ဆိုင်ရာက ကောက်ချက်ချခဲ့ပါတယ်။ အီဂျစ်နိုင်ငံကို အလည်အပတ် ရောက်နေတဲ့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်က ဒီဖြစ်ရပ်အတွက် ဝမ်းနည်းစာနာကြောင်း ပြောပါတယ်။ ဒီဖြစ်ရပ်အတွက် တာဝန်ရှိသူတွေကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမယ်လို့လည်း ကတိပြုပါတယ်။ ယူကရိန်းအစိုးရအနေနဲ့ ဒီအမှုနဲ့ပတ်သက်ပြီး နီးနီးကပ်ကပ် စောင့်ကြည့်သွားမယ်လို့ သမ္မတ ပေထရိုပိုရိုရှန်ကိုက ပြောပါတယ်။ သေဆုံးသူတွေဟာ ယူကရိန်းနိုင်ငံသားတွေ ဖြစ်လို့ ဒီဖြစ်ရပ်က အင်မတန်မှ အရေးကြီးတယ်လို့လည်း သူက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up