အာဆီယံနှင့် ဂျပန်လူငယ်များ သင်္ဘောခရီးစဉ်တွင် မြန်မာကျောင်းသား ၂၈ ဦးလိုက်ပါမည်
ဆုဆုသွယ်
·
October 18, 2018
အရှေ့တောင်အာရှနှင့် ဂျပန်လူငယ်များ သင်္ဘောခရီးစဉ်မှာ မြန်မာနိုင်ငံ ကိုယ်စားပြု လူငယ်သံတမန်တွေအဖြစ် ကျောင်းသား၊ ကျောင်းသူ ၂၈ ဦးက ပါဝင်မှာဖြစ်ပါတယ်။
ဂျပန်နဲ့ အာဆီယံနိုင်ငံက လူငယ်တွေအကြား ချစ်ကြည်ရင်းနှီးဖို့၊ နိုင်ငံတကာ အတွေ့အကြုံတွေရရှိဖို့နဲ့ ပူးပေါင်းဆောင်ရွက်မှု အလေ့အကျင့်တွေရရှိလာစေဖို့ ဒီသင်္ဘော ခရီးစဉ်ကို ဂျပန်နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ အစိုးရတွေ ပူးပေါင်း ဆောင်ရွက်တာပါ။
ဒီသဘောင်္ခရီးစဉ်အတွက် မြန်မာနိုင်ငံက တက္ကသိုလ်၊ ဒီဂရီကောလိပ် အသီးသီးမှာ တက်ရောက်သင်ကြားနေကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ရေးဖြေ၊ နှုတ်ဖြေ စာမေးပွဲ စစ်ဆေးပြီး ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
ဒီခရီးစဉ်မှာတော့ ဂျပန်နဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက စုစုပေါင်း ကျောင်းသားဦးရေ ၃၀၀ ပါဝင်မှာ ဖြစ်ပါတယ်။
သင်္ဘောခရီးစဉ်မှာပါဝင်တဲ့ ကျောင်းသားတွေဟာ နိုင်ငံအကြီးအကဲခေါင်းဆောင်တွေနဲ့ တွေ့ဆုံတာတွေ၊ ဆွေးနွေးပွဲတွေ၊ Homestay အစီအစဉ်တွေ၊ အထင်ကရနေရာတွေ သွားရောက်လည်ပတ်တာတွေနဲ့ ယဉ်ကျေးမှု ဖလှယ်တာတွေကို လုပ်ဆောင်သွားကြမှာပါ။
ခရီးစဉ်မှာ ပါဝင်တဲ့ ကျောင်းသား၊ ကျောင်းသူတွေက ဂျပန်၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်စတဲ့ နိုင်ငံတွေကို သွားရောက်ရမှာဖြစ်ပြီး ခရီးစဉ်အစအဆုံး ရက်ပေါင်း ၅၂ ရက်ခန့် ကြာမြင့်မှာလည်း ဖြစ်ပါတယ်။
ဒီခရီးစဉ်မှာပါဝင်တဲ့ မြန်မာကျောင်းသားတွေကတော့ အောက်တိုဘာ ၂၂ ရက်ကစပြီး ဂျပန်နိုင်ငံကို ထွက်ခွာတော့မှာ ဖြစ်ပါတယ်။
(၄၅)ကြိမ်မြောက် အရှေ့တောင်အာရှနှင့် ဂျပန်လူငယ်များ သင်္ဘောခရီးစဉ်နဲ့ ပတ်သက်ပြီး ရန်ကုန်တက္ကသိုလ် ၀ိဇ္ဇာခန်းမမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။