Email This Story :
သုဝဏ္ဏ မိုးလုံလေလုံကွင်းမှာ လာမယ့် အောက်တိုဘာ ၂၆ ရက်နေ့ ကျင်းပမယ့် One Championship ပြိုင်ပွဲမှာ နာမည်ကြီး MMA ဖိုက်တာ ဖိုးသော်လည်း ထိုးသတ်မှာဖြစ်ပြီး မလေးရှားနိုင်ငံသား ကီနူးဆက်ဘာနဲ့ ထိုးသတ်ရမှာ ဖြစ်ပါတယ်။
ကီနူးဆက်ဘာဟာ အရင်ပွဲတွေမှာ အကောင်းဆုံး ထိုးသတ်နိုင်တဲ့အတွက် Training Camp ဝင်ပြီး အရင်ပုံစံနဲ့မတူအောင် လေ့ကျင့်ပြင်ဆင်ထားတယ်လို့ ဖိုးသော်က ပြောပါတယ်။
ဒါ့အပြင် ပရိသတ်အကြိုက် ထိုးသတ်လိုပြီး ပရိသတ်အံအားသင့်မယ့် အခြေအနေမျိုးကတော့ ပွဲအခြေအနေပေါ် မူတည်တယ်လို့ ပြောပါတယ်။
ဖိုးသော်ဟာ ပြီးခဲ့တဲ့ One Championship မှာ ကမ္ဘောဒီးယားနိုင်ငံသား ဆွာဆေးရဲ့ မျက်နှာကို ဖနှောင့်နဲ့ မိမိရရ တိုက်ခိုက်နိုင်ခဲ့ပြီး ပွဲချိန်ခဏအတွင်းမှာပဲ အနိုင်ရရှိထားသူလည်း ဖြစ်ပါတယ်။
အခုလာမယ့်ပွဲဟာ ဖိုးသော်အတွက် ပြည်ပနိုင်ငံသားနဲ့ ထိုးသတ်ရတဲ့ ဒုတိယမြောက် ပွဲလည်း ဖြစ်ပါတယ်။
ဖိုးသော်နဲ့ထိုးသတ်မယ့် ဆက်ဘာကလည်း လျင်မြန်တဲ့ တိုက်ကွက်တွေနဲ့ ပြိုင်ဘက်ကို ရင်ဆိုင်တတ်သလို ပရော်ဖက်ရှင်နယ် ၉ ပွဲကစားရာမှာ ၆ ပွဲနိုင် ၃ ပွဲ ရှုံးနိမ့်ထားပါတယ်။
အဲဒီပွဲမှာ ဖိုးသော်နဲ့အတူ မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံ မြန်မာ့စပါးကြီးမြွေ အောင်လအန်ဆန်းဟာ မစ်ဒယ်ဝိတ်တန်းချန်ပီယံလုပွဲ ထိုးသတ်ရမှာ ဖြစ်ပါတယ်။
အောင်လအန်ဆန်းနဲ့ ထိုးသတ်မယ့်သူကတော့ လက်ဘနွန်နိုင်ငံသား မိုဟာမက်ကရာကီ ဖြစ်ပြီး ၉ ပွဲထိုးသတ်ထားပြီး ရှုံးပွဲမရှိသေးတဲ့ မှတ်တမ်းကောင်း ရှိနေပါတယ်။
Pursuit of Greatness လို့ နာမည်ပေးထားတဲ့ အဲဒီပြိုင်ပွဲဟာ မိုဟာမက်ကရာကီ အတွက် One Championship မှာ ပထမဆုံး စာချုပ်ချုပ်ဆိုပြီး ချန်ပီယံကို စိန်ခေါ်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။
ကရာကီဟာ ဖီးနစ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ မစ်ဒယ်ဝိတ်တန်းချန်ပီယံဘွဲ့ကို ရှုံးပွဲမရှိဘဲ ထိန်းသိမ်းနိုင်ခဲ့သူ ဖြစ်ပါတယ်။