Live
Home
မြန်မာသတင်း
မြစ်သာတမံ၏ ဆောက်လက်စ ရေသွယ်မြောင်း ပြိုကျ
Aung Ko Latt
·
October 18, 2018
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ မြစ်သာမြစ်အထက်ပိုင်းရှိ မြစ်သာတမံရဲ့ ဆောက်လက်စ ရေသွယ်မြောင်းတခု အောက်တိုဘာ ၁၈ ရက် မနက် ၃ နာရီလောက် ပြိုကျခဲ့ပါတယ်။ ဒေသတွင်းမှာ အခုရက်ပိုင်း မိုးရွာတာ၊ မြေပြိုတာ၊ ငလျင်လှုပ်တာလည်း မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ရေသွယ်မြောင်းပြိုကျချိန်က လူတွေအိပ်နေဆဲအချိန်ဖြစ်လို့ ထိခိုက်တာတွေတော့ မရှိခဲ့ပါဘူး။ တမံအနီးရှိ ပြောင်းရွှေ့ကျေးရွာဖြစ်တဲ့ စံပယ်ရွာသား ဦးသိန်းကိုက “မနက် ၃ နာရီလောက်က ဝုန်းခနဲ အသံကြားလိုက်ရတယ်။ မိုးလင်းတော့ ချောက်ကိုဖြတ်ဆောက်ထား တဲ့ ရေသွယ်မြောင်း တဝက်လောက်က ချောက်ထဲပြိုကျနေတာ။ မိုးပြတ်တာလည်း ၄ ရက်လောက်ရှိပြီ။ ငလျင်လည်းမလှုပ်ဘူး။ မိုးရွာတုန်းက ရေစားထားတာတော့ ရှိတယ်။ အဲဒါကြောင့်လားတော့ မပြောတတ်ဘူး။ ဘာမှမသုံးရသေးဘူး။ မြောင်းက ဆောက်လို့တောင် မပြီးသေးဘူး”လို့ ဒီဗွီဘီကို ပြောပါတယ်။ ဒီရေသွယ်မြောင်းကိစ္စနဲ့ပတ်သက်ပြီး ဘတ်ဂျက်တောင်းခံတဲ့အပေါ် ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော်မှာလည်း ဆွေးနွေးကန့်ကွက်တာ တွေရှိခဲ့လို့ မဲခွဲဆုံးဖြတ်ရာမှာ လွှတ်တော်က ဘတ်ဂျက်တောင်းခံတဲ့အတိုင်း ချထားပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဘတ်ဂျက်အရင်တောင်းရမယ့်အစား လုပ်ငန်းအရင်လုပ်နေပြီးမှ စီမံကိန်း ပြီးပါပြီဆိုတဲ့သဘောနဲ့ ဌာနက နောက်ကြောင်းပြန် တောင်းတာလည်း ဖြစ်ပါတယ်။ မြစ်သာတမံရေသွယ်မြောင်းလုပ်ဆောင်ဖို့ ၂၅ဘီယံလံတောင်းခံခဲ့တာဖြစ်ပြီး ၁၀ ဘီလီယံက လုပ်ငန်းအကောင်အထည်ဖော်ပြီးဖြစ်လို့ နောက်ထပ်ကျန်နေတဲ့ ၁၅ ဘီလီယံကို အခုဘဏ္ဍာနှစ်မှာ ချပေးဖို့ တောင်းခံခဲ့တာပါ။ ဆည်ရေသောက်ဧရိယာက ဧက ၅၀၀၀ ရှိတယ်လို့ တင်ပြပေမယ့် မြေပြင် အခြေအနေမှာ ဧက ၅၀၀၀ မရှိဘူးလို့ သိရပါတယ်။ အခြားဒေသတွေက ဆည်ရေသောက် လယ်ယာမြေတွေမှာ ၁ဧကကို ကျပ် ၅သိန်းပဲ ကုန်ကျပေမယ့် အခုမြစ်သာတမံကတော့ ၁ ဧကကို ကျပ် သိန်း ၅၀ ကုန်ကျစရိတ်ရှိနေတာပါ။ ဂန့်ဂေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က “အဓိကက မလုပ်သင့်တဲ့ စီမံကိန်းကို လုပ်ခဲ့တယ်။ ဒေသမြေတွေက သက်နုတွေ။ အခုဆို ထီးလင်းဖက်မှာ မြေတွေပြိုနေတယ်။ ပြီးတော့ ကုန်ကျစရိတ်နဲ့ ရရှိမယ့်အကျိုးကျေးဇူးနဲ့ မကိုက်ညီတဲ့ မလုပ်သင့်တဲ့စီမံကိန်းကို ခေါင်းစဉ်ရပြီးရော၊ လုပ်ငန်းရပြီးရော ဇွတ်လုပ်တာ။ ဒါကို လွှတ်တော်ကလည်း သေသေချာချာ ပညာရပ်ပိုင်းဆိုင်ရာနဲ့ ထောက်ပြကန့်ကွက်ခဲ့တယ်။ ၁၁ မဲထဲနဲ့ ရှုံးပြီးတော့ လွှတ်တော်က ဘက်ဂျက်ခွင့်ပြုလိုက်တယ်။ အခု ဘာမှ မသုံးရခင်မှာ ဒီလုပ်ငန်းရဲ့ တစိတ်တပိုင်း သူတို့အစပြုထားတဲ့ ၁၀ဘီလီယံထဲမှာ ပါတဲ့ ဒီ Flume ရေသွယ်မြောင်းကြီးက ပြိုကျ ပျက်စီးသွားတယ်။ အဲဒီကျတော့ နိုင်ငံတော် ဘဏ္ဍာငွေကို အကျိုးရှိတဲ့ ထိရောက်တဲ့ နေရာမှာပဲ သုံးစေချင်တယ်။ အကျိုးရှိမရှိ၊ ထိရောက်မှုရှိမရှိ သိတဲ့ ပညာရှင်တွေ ကန့်ကွက်တဲ့အခါမှာ အလေးထားစေချင်တယ်။”လို့ ပြောပါတယ်။ အခု တ၀က်လောက် ပြိုကျသွားတဲ့ ရေသွယ်မြောင်းဟာ ဇလားအကျယ် ၄ ပေခန့်၊ အမြင့် ၆ ပေခန့်၊ အရှည်ပေ အနည်းဆုံး ၂၀၀ ခန့်ရှိပြီး အနက် ပေ ၃၀ ကျော်ရှိတဲ့ချောက်ကို ဖြတ်ဆောက် ထားတာပါ။ လက်ရှိမှာ တမံကပြီးစီးသွားပြီဖြစ်ပေမယ့် ရေသွယ်မြောင်းတွေမရှိသေးလို့ လယ်တွေ ရေမပေးနိုင်သေးပါဘူး။ လျှပ်စစ်ကိုတော့ ၂၀ မဂ္ဂါဝပ် ၂ လုံးတပ်ဆင်ထားပြီး ၁ လုံးက ပျက်စီးနေလို့ ၁လုံးသာ လည်ပတ်နေရတယ်လို့ ဆိုပါတယ်။ မြစ်သာတမံကြောင့် အနီးအနားက စံပယ်၊ စင်ပုံ၊ ပနန်း၊ ယင်းမာ စတဲ့ကျေးရွာ ၄ ရွာက အိမ်ခြေ ၃၈၀ ခန့် ပြောင်းရွှေ့ခဲ့ရတာဖြစ်ပါတယ်။ ပြောင်းရွှေ့ရသူတွေမှာလည်း အဆင်မပြေမှုတွေ များစွာကြုံတွေ့နေရပြီး တနှစ်ထက် တနှစ် လူနေမှု၊ စီးပွားရေးတွေ နိမ့်ကျလာနေလို့ သက်ဆိုင်ရာက သွားရောက်  ကြည့်ရှုစစ်ဆေးနေတယ်လို့ သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024