ဟေတီတွင် အကြမ်းဖက်ဆန္ဒပြပွဲများ ပေါ်ပေါက်၊ ၁ ဦးထက်မနည်း သေဆုံး

ဟေတီနိုင်ငံ ပို့ထ်အူပရင့်စ်မြို့ရဲ့ လမ်းတွေပေါ်မှာ အောက်တိုဘာ ၁၇ ရက်က အကြမ်းဖက် ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့လို့ လူတဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ဗင်နီဇွဲလားနိုင်ငံက ထောက်ပံ့တဲ့ ရေနံကူညီရေး အစီအစဉ်က ရန်ပုံငွေတွေကို အစိုးရက တလွဲသုံးပစ်တယ်ဆိုတဲ့ စွဲချက်တွေကြောင့် ခုလို ဆန္ဒပြခဲ့ကြတာပါ။ မျက်ရည်ယိုဓာတ်ငွေ့တွေသုံးတဲ့ ရဲတွေနဲ့ ကျောက်ခဲတွေ၊ လေးခွတွေ ကိုင်စွဲထားတဲ့ ဆန္ဒပြသူတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြပါတယ်။ သေနတ်သံကြားအပြီး အမျိုးသားတဦး ခေါင်းကို ကျည်ဆံထိမှန် သေဆုံးခဲ့တယ်၊ ဒီပစ်ခတ်မှု ဘယ်သူလုပ်လဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူး၊ သေဆုံးသူဟာ မြို့တော်မှာ မော်တော်ဆိုင်ကယ်မောင်းသမားအဖြစ် အလုပ်လုပ်နေသူဖြစ်တယ်လို့ ရိုက်တာသတင်းထောက်တွေက ရေးသားကြပါတယ်။ ဗင်နီဇွဲလား ရေနံအစီအစဉ် ပေထရိုကယ်ရီဘီနဲ့ ပတ်သက်တဲ့ ကျော်မကောင်း ကြားမကောင်းမှုနဲ့ လူနေမှုစရိတ်တွေကို ကိုးကားပြီး သမ္မတရာထူးက ဆင်းပေးဖို့ ဆန္ဒပြသူတွေ တောင်းဆိုကြပါတယ်။ ဟေတီသမ္မတဟာ သူကတိပေးထားတဲ့အတိုင်း အဂတိလိုက်စားမှုကို တက်တက်ကြွကြွ ဖြေရှင်းတာ မလုပ်တဲ့အတွက် ဝေဖန်ခံနေရပါတယ်။ ၂၀၀၅ ခုနှစ်မှာ စတင်တဲ့ ဗင်နီဇွဲလားရဲ့ ပေထရိုကယ်ရစ်ဘီ အစီအစဉ်ဟာ ကာရစ်ဘီယံနိုင်ငံ ၁၂ နိုင်ငံကို အကြွေးစနစ်နဲ့ ရေနံထောက်ပံ့ပါတယ်။ ရေနံတင်ပို့မှုတိုင်းအတွက် ကျသင့်ငွေ တစိတ်တပိုင်းကို ငွေနဲ့ပေးချေရပြီး ကျန်ငွေတွေကို စားနပ်ရိက္ခာ၊ အဝတ်အထည် စတဲ့ ကုန်စည်တွေနဲ့ ပေးချေရပါတယ်။ ရေနံဈေးကျဆင်းလို့ ဗင်နီဇွဲလားမှာ စီးပွားရေးကျဆင်းပြီး ရေနံတင်ပို့မှု အများအပြားလည်း ရပ်တန့်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up