ဂါဇာဒေသက ပစ်လွှတ်သည့် ဒုံးကျည်ကြောင့် အစ္စရေးတွင် နေအိမ်များ ပျက်စီး

ဓာတ်ပုံ - Yonatan Sindel/Flash90
ဂါဇာ ဒေသကနေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တစင်း ထိမှန်အပြီး အစ္စရေးတောင်ပိုင်း ဘီးယားရှီဘာမြို့က နေအိမ်တွေ ပျက်စီးခဲ့သလို လူ ၃ ယောက်ကို ဆေးရုံတင်ခဲ့ရတယ်လို့ ဆေးဘက်အရာရှိ တယောက်က အစ္စရေးရေဒီယိုကို ပြောပါတယ်။ ဒုံးကျည်ကြောင့် ပျက်စီးခဲ့တဲ့ နှစ်ထပ်အိမ်တလုံးကို ဒေသခံတွေက အောက်တိုဘာ ၁၇ ရက်နေ့မှာ ရှင်းလင်းနေကြပါတယ်။ ဂါဇာကမ်းမြှောင်က ပစ်လွှတ်လိုက်တဲ့ နောက်ဒုံးကျည်တလုံးက ပင်လယ်ထဲကို ကျခဲ့တယ်၊ ဒါကြောင့် ဂါဇာကမ်းမြှောင်က ပစ်မှတ်တွေကို အစ္စရေး ဂျက်လေယာဉ်တွေက လက်တုံ့ပြန် ပစ်ခတ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ ဂျက်လေယာဉ်တွေက နေရာ ၈ ခုကို ပစ်မှတ်ထားခဲ့တယ်လို့ ဂါဇာကမ်းမြှောင် ဒေသခံတွေက ပြောပါတယ်။ အစ္စရေးရဲ့ ပစ်ခတ်မှုကြောင့် ဂါဇာကမ်းမြှောင် တောင်ပိုင်းက စစ်သင်တန်းစခန်းတခုကို ထိမှန်ခဲ့တယ်၊ လူ ၃ ယောက် ဒဏ်ရာရတယ်လို့ ဂါဇာ ကျန်းမာရေးဝန်ကြီးဌာန အရာရှိတွေက ပြောပါတယ်။ အစ္စရေးဘက်မှာတော့ ထိခိုက်ဒဏ်ရာပြင်းထန်သူ ရရှိတယ်လို့ပြောတာ မရှိသေးပါဘူး။ အစ္စရေးနဲ့ ဂါဇာနယ်စပ်တလျှောက် လနဲ့ချီတဲ့ ဆန္ဒပြပွဲတွေကြောင့် အခြေအနေ တင်းမာနေပါတယ်။ ပါလက်စတိုင်း စစ်သွေးကြွတွေကလည်း မီးရှို့ထားတဲ့ မီးပုံးပျံတွေ၊ စွန်တွေကို နယ်စပ်စည်းရိုးတလျှောက် လွှင့်တင်ပြီး အစ္စရေးဘက်ကို မီးတင်ရှို့နေပါတယ်။ တိုက်ခိုက် ဆန္ဒပြမှုတွေကို ထိန်းချုပ်ဖို့၊ ဂါဇာကို စစ်ရေးအရ အရေးယူဖို့ ပြင်ဆင်နေတယ်လို့ အစ္စရေး ခေါင်းဆောင်တွေက သတိပေးထားပါတယ်။ အစ္စရေးနဲ့ ဂါဇာကို ထိန်းချုပ်ထားတဲ့ ဟားမတ်စ်တွေဟာ ၂၀၁၄ ခုနှစ်ကလည်း စစ်ဖြစ်ဖူးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up