ဘင်္ဂလားဒေ့ရှ်ကိုပို့ဆောင်မည့် စိတ်ကြွမူးယစ်ဆေးပြား ၁သိန်းကျော်ဖမ်းမိ
DVB
·
October 17, 2018
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ခြမ်းကို ပို့ဆောင်မယ့် စိတ်ကြွမူးယစ်ဆေးပြား ၁၁၀,၀၀၀ ကျော်ကို မြန်မာဘက်ခြမ်း နတ်မြစ် ဦးစောလှကျွန်း မြောက်ဘက်မှာ ဖမ်းဆီးရမိတယ်လို့ သတင်းနှင့်ပြန်ကြားရေးက တရားဝင်ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၁၆ ရက် မနက် ၃ နာရီ ၄၅ မိနစ်မှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက နတ်မြစ်အတွင်း လှည့်ကင်းဆောင်ရွက်စဉ် မြန်မာနိုင်ငံဘက်ခြမ်း ဦးစောလှကျွန်း မြောက်ဘက်အနီး၌ မသင်္ကာဖွယ် သစ်သားလက်ခတ်လှေ တစ်စီးတွေ့လို့ လိုက်လံဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးရာမှာ Y/R စာတမ်းပါစိတ်ကြွဆေးပြား ၁၁၇၀၀၀ နဲ့ အတူ မောင်တောမြို့နယ် ဦးရှည်ကျကျေးရွာနေ ရော်ရှီးတာမောက် အပါအဝင် အမျိုးသား ၃ ယောက်ကို ဖမ်းဆီးရမိ အရေးယူထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
အလားတူ အောက်တိုဘာ ၁၅ရက် ညနေကလည်း မောင်နီအောက်ရွာမှာ နေထိုင်တဲ့ ရာမောက်တူလ္လာရဲ့ နေအိမ်ကနေ ပန်းရောင်စိတ်ကြွဆေးပြား(၈၀)ပါတစ်ထုတ်နဲ့ နီညိုရောင်စတ်ကြွဆေးပြား(၄၉) ပြား စုစုပေါင်း(၁၂၉)ပြားကို ဖမ်းမိခဲ့တယ်လို့ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ ရာမောက်တူလ္လာကို စစ်ဆေးချက်အရ အဆိုပါ မူးယစ်ဆေးတွေဟာ မောင်နီရွာနေ အန်နာမဟာဆောင်း ထံမှဝယ်ယူရရှိခဲ့ ကြောင်း ထွက်ဆိုချက်အရ နေအိမ်မှာ သွားရောက်ရှာဖွေရာ ထွက်ပြေးတိမ်း ရှောင်နေလို့ ဖမ်းဆီးရမိရေးဆောင်ရွက်နေပြီး ရာမောက်တူလ္လာကို မောင်တာမြို့နယ်ရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
ဗညား