စပိန်တွင် ကာတာလိုးနီးယားလွတ်လပ်ရေး လိုလားသူထောင်ချီ ဆန္ဒပြ

2.2K
စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ ထောင်နဲ့ချီတဲ့ ကာတာလိုးနီးယားလွတ်လပ်ရေး လိုလားသူတွေ အောက်တိုဘာ ၁၆ ရက်က ဆန္ဒပြကြပါတယ်။
ကာတာလိုးနီးယားပြည်နယ်ရဲ့ အကြီးဆုံး ခွဲထွက်ရေးအဖွဲ့တွေက ခေါင်းဆောင်တွေ ထောင်ချခံရတာ တနှစ်ပြည့် နှစ်ပတ်လည်အနေနဲ့ ဆန္ဒပြတာ ဖြစ်ပါတယ်။
Omnium Cultural အဖွဲ့ခေါင်းဆောင် ယော်ဒီ ကွေဆာ့တ်နဲ့ Catalan National Assembly (ANC) က ယော်ဒီ ဆန်းချက်ဇ်တို့ဟာ ပုန်ကန်အောင် လှုံ့ဆော်မှုနဲ့ ၂၀၁၇ အောက်တိုဘာ ၁၆ ရက်က အဖမ်းခံခဲ့ရပါတယ်။
သူတို့ဟာ ကာတာလိုးနီးယား လွတ်လပ်ရေး လူထုဆန္ဒခံယူပွဲအပြီး ပထမဆုံး ထောင်ချခံရတဲ့ ခွဲထွက်ရေး အကြီးတန်းခေါင်းဆောင် ၂ ဦးပါ။
ဆန္ဒပြသူတွေက ကာတာလန် အလံတွေကို လွှင့်ထူ ချီတက်ရင်း ကာတာလန် သမ္မတနိုင်ငံ အဓွန့်ရှည်ပါစေလို့ ကြွေးကြော်ခဲ့ပါတယ်။
ကာတာလန်ပြည်နယ်ကို စပိန်ကနေ ခွဲထွက်ပြီး လွတ်လပ်ရေး အရယူဖို့ မဲရှင်တွေက မဲပေးခဲ့ပေမယ့် မဲပေးပွဲကို သပိတ်မှောက်တဲ့ ခွဲထွက်ရေး မလိုလားသူတွေကြောင့် မဲပေးသူ အရေအတွက်က နည်းခဲ့တယ်လို့ မီဒီယာတွေက အစီရင်ခံထားပါတယ်။
လူထုဆန္ဒခံယူပွဲ ရလဒ်ကို တရားမဝင်ဘူးလို့ စပိန်အစိုးရက ကြေညာခဲ့ပေမယ့် လွတ်လပ်ရေးလိုချင်နေတဲ့ ဒေသတွင်းအခြေအနေ ဆက်တင်းမာနေပါတယ်။