အောင်ရဲထွေး၏ အစ်ကိုနှင့် မိဘ ၂ ဦးကို စစ်ဆေး
ပြည့်ဘုန်းအောင်
·
October 16, 2018
သရုပ်ဆောင်အောင်ရဲထွေး သေဆုံးမှုနဲ့ ပတ်သက်ပြီး ဒီနေ့ အောက်တိုဘာ ၁၆ ရက်နေ့ ရုံးချိန်းမှာ ပထမဦးဆုံးအကြိမ်အဖြစ် လိုပြသက်သေ တရားလိုဖြစ်သူ အောင်ရဲထွေးရဲ့ အစ်ကိုနဲ့ မိဘ ၂ ဦးကို စစ်ဆေးခဲ့ပါတယ်။
လူအများစိတ်ဝင်စားနေတဲ့ ဒီအမှုကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်ကစပြီး ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ အမှုကို အစကနေ ပြန်လည်တည်ဆောက်စစ်ဆေးခဲ့ပြီး ဒီနေ့မှာတော့ လိုပြသက်သေ ၃ ဦးကို စတင်စစ်ဆေးခဲ့တာပါ။
တရားခွင်မှာတော့ လိုပြသက်သေတွေဖြစ်တဲ့ သေဆုံးသူအောင်ရဲထွေးရဲ့ အဖေနဲ့ အမေကိုစစ်မေးရာမှာ တရားလို ဥပဒေအရာရှိက ရဲထံမှာထွက်ဆိုထားခြင်းမရှိတဲ့ အချက်တွေကို ရုံးရှေ့မှာထွက်ဆိုထားတာ မရှိတာကြောင့် ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၁၆၂ အရ တိုက်ဆိုင် စစ်ဆေးခွင့်ပြုဖို့ ရုံးတော်ကို တင်ပြတောင်းဆိုခဲ့ရာမှာ တရားသူကြီးက စစ်ဆေးခွင့်ပြုခဲ့ ပါတယ်။
နောက်လာမယ့် ရုံးချိန်းကိုတော့ အောက်တိုဘာ ၃၀ ရက်ကို ပြန်လည်ချိန်းဆိုခဲ့ပြီး အဲဒီရုံးချိန်းမှာ အမှုမှာအဓိကမျက်မြင်သက်သေဖြစ်သူ အောင်ရဲထွေးရဲ့ ရည်းစားအပါအ၀င် လိုပြသက်သေ ၃ ဦးကို စစ်ဆေးသွားမှာပါ။ ဒီအမှုမှာတော့ တရားလိုပြသက်သေ စုစုပေါင်း ၂၂ ဦးတင်သွင်းထားပါတယ်။
ပြီးခဲ့တဲ့ နှစ်သစ်ကူးညက The One Entertainment club မှာ ဟာသ သရုပ်ဆောင်အောင်ရဲထွေးကို သန်းထွဋ်အောင် (ခေါ်) သားကြီး အပါ ၃ ဦးက ရိုက်နှက် ထိုးကြိတ်ခဲ့တာကြောင့် ဆေးရုံအရောက်မှာပဲ သေဆုံးခဲ့တာဖြစ်ပြီး သန်းထွဋ်အောင် (ခေါ်) သားကြီးအပါ ၃ ကြီးကို ပုဒ်မ ၃၀၂ နဲ့ ပြန်လည်စစ်ဆေးနေတာပါ။
လက်ရှိမှာတော့ သရုပ်ဆောင် အောင်ရဲထွေး သေဆုံးခဲ့ရတဲ့ အမှုရုပ်သိမ်းစေရန် လာဘ်ငွေ ရယူခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဦးဟန်ထူးအပါအ၀င် ပါဝင်ပတ်သက်သူ ၆ ဦးကို မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က အမှုဖွင့်အရေးယူ ထားပါတယ်။