Home
မြန်မာသတင်း
မြိုင်ကြီးငူဆရာတော် နောက်ဆုံးဈာပနပွဲကို လက်နက်ယူဆောင်မလာရန် အသိပေး
DVB
·
October 16, 2018
မြိုင်ကြီးငူဆရာတော်ရဲ့ နောက်ဆုံး ဈာပနပွဲကိုလာရောက်မယ့်သူတွေအနေနဲ့  လက်နက်တွေ ကိုင်ဆောင်ယူဆောင်မလာကြဖို့ ကရင်ပြည်နယ်၊ နယ်ခြားစောင့် တပ်၊ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူ က ပြောပါတယ်။ အောက်တိုဘာ ၁၅ ရက် မနက်က လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသ၊ ကြေးသွန်းဘုရားကြီးမှာပြုလုပ်တဲ့ မြိုင်ကြီးငူဆရာတော် ဈာပနကျင်းပရေး ဆွေးနွေးပွဲမှာ ပြောဆိုလိုက်တာပါ။ ဗိုလ်မှူးကြီး စောချစ်သူက “ကျနော်က သဘောထားရှင်းရှင်းပါပဲ။ ခုနကတိုင်းကိုလည်း မေးပါတယ်။ အခု ဆရာတော်ရဲ့ အားလုံးတပည့်ပဲလေ။ ဒီဆရာတော်ရဲ့ နောက်ဆုံးဈာပနပွဲ အခုပြန်လာကန်တော့ချင်တဲ့ သားသမီးတွေလာပါ၊ လာကြပါအားလုံး။ လက်နက်တော့ ယူမလာပါနဲ့။ အဲဒီအတိုင်းလည်း နားလည်မှု အပြည့်အ၀ပေးခဲ့ပါတယ်။ အားလုံးလည်း သတင်းလည်း ပို့ထားပြီးသားပါ”လို့ ပြောပါတယ်။ ရန်ကုန်မြို့နေ သာသနာပြုတိုင်းရင်းဆေးဆရာကြီး ဦးထွန်းထွန်းက“ ဆရာတော်ကြီးရဲ့ ရည်ရွယ်ချက်ကိုက စစ်မဲ့ ငြိမ်းချမ်းရေးဖြစ်တဲ့အပြင် လူတိုင်း စိတ်ချမ်းသာ သောက ကင်းငြိမ်းစေတဲ့ဆန္ဒ အားကြီးလွန်းခဲ့ပါတယ်။ သူကိုယ်တိုင် အရာရာကို လျစ်လျူရှုပြီးတော့ အများကိစ္စကို ဆောင်ရွက်တဲ့ဟာကို အခြေခံကြည့်ရင် သိပါတယ်။ ဆရာတော်မရှိပေမယ့် ရည်ရွယ်ချက်တွေ ပြီးမြောက်အောင်မြင်လိမ့်မယ်လို့ ကျနော်ယုံကြည်တယ် ”လို့ ပြောပါတယ်။ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(DKBA)၊မြ၀တီဆက်ဆံရေးရုံး၊ ဗိုလ်ကြီးဇော်မင်းက“ဆရာတော်ကြီးချမှတ်တဲ့ ငြိမ်းချမ်းရေးလမ်းစဉ်အတိုင်းကို တပည့်တွေ အားလုံးက ဆရာတော်ကြီးရဲ့ ဆန္ဒအတိုင်းသွားပါမယ်။ ညီအစ်ကိုတွေ စည်းစည်းလုံးလုံးနဲ့ ချစ်ချစ်ခင်ခင်လေး ဆရာတော်ကြီးရဲ့ လမ်းစဉ်အတိုင်း သွားလာချင်ပါတယ်”လို့ ပြောပါတယ်။ သက်တော် ၇၁ နှစ်၊ ၀ါတော် ၅၁ ၀ါရှိပြီးဖြစ်တဲ့ မြိုင်ကြီးငူဆရာတော်ကြီးဦးသုဇနဟာ အဆုပ်နှင့် အသည်းရောဂါတွေကြောင့် ထိုင်းနိုင်ငံမှာ ဆေးကုသမှုခံယူနေရာက အောက်တိုဘာ ၁၃ ရက်က ပျံလွန်တော်မူသွားခဲ့တာဖြစ်ပါတယ်။ ဆရာတော်ကြီးဟာ ဗုဒ္ဓဘာသာ သာသနာထွန်းကားရေးအတွက် တောင်ပေါ်မြေပြန့် မကျန်လှည့်လည်ပြီး သာသနာတော် ပြန့်ပွားရေး ကြိုးစားဆောင်ရွက်နေတဲ့အပြင် မြိုင်ကြီးငူအထူး ဒေသမှာတိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ထွက်ပြေးလာသူတွေကို စောင့်ရှောက်ပေးနေတဲ့  ဆရာတော်ကြီးတစ်ပါး ဖြစ်ပါတယ်။   ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024