မြန်မာနှင့် ဂျပန် သံတမန်ပတ်စ်ပို့ ကိုင်ဆောင်သူများ အပြန်အလှန်ဗီဇာကင်းလွတ်ခွင့်ရရှိ
DVB
·
October 16, 2018
မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံတို့အကြား သံတမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတွေ အတွက် ပြည်ဝင်ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက် ရရှိသွားပြီဖြစ်တယ်လို့ နိုင်ငံခြားရေးဌာနက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
နှစ်နိုင်ငံအစိုးရနဲ့ ပြည်သူတွေအကြား ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို ပိုမိုခိုင်မာစေဖို့ ရည်ရွယ်ပြီး နှစ်နိုင်ငံ သံတမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတွေကို ရက်ပေါင်း(၉၀)ထက် မကျော်လွန်စေဘဲ နေထိုင်ခွင့် ပြည်ဝင်ဗီဇာ ကင်းလွတ်ခွင့်ပြုရေးဆိုင်ရာ သံတမန်စာချွန်လွှာကို လဲလှယ်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ သဘောတူညီချက်ဟာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့က စတင် အသက်ဝင်မယ်လို့လည်း မြန်မာနိုင်ငံခြားရေး ဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံကို အလည်အပတ်ဗီဇာနဲ့ လာရောက်မယ့် ဂျပန်နိုင်ငံသားတွေကိုလည်း မြန်မာအစိုးရက အောက်တိုဘာ ၁ရက်က စပြီး ဗီဇာကင်းလွတ်ခွင့်ပြုထားပါတယ်။