ချင်းတောင်တွင် မိုးရွာသွန်းမှုကြောင့် ကုန်တင်ကားများလမ်းချော်၊ လမ်းပိတ်နေ
DVB
·
October 16, 2018
ချင်းတောင် ရိဒ်တီအိုချောင်းဒေသနဲ့ တီးတိန်အကြား တောင်တက်လမ်းတလျှောက် ခုရက်ပိုင်း မိုးရွာသွန်းတာကြောင့် ကုန်တင်ယာဉ်တွေလမ်းချော်နေပြီး အိန္ဒိယကို တင်သွင်းမယ့် ကုန်စည်တင်ကား အစီး ၃၀ ကျော်လောက် ပိတ်မိခဲ့ပါတယ်။
ချင်းတောင်လမ်းပိုင်းအနေနဲ့ သိုင်းငင်းရွာအနီး မိုင်တိုင် ၂၀ ကျော် နေရာနဲ့ တီးတိန်ကျော် မန်ဆောင်းတံတားကနေ အတက်နေရာတွေဟာ မိုးများတဲ့အခါ လမ်းပိတ်လေ့ရှိပြီး ဒီလို လမ်းပိတ်တဲ့အခါ နေအပူ မြေခြောက်အောင်စောင့်ပြီးမှ ကုန်ကားတွေဟာ ခရီးဆက်ကြရတာပါ။
ကုန်ကားပိုင်ရှင်တဦးဖြစ်တဲ့ ကိုဇင်ပိုင်ဦးက "မနက်ဦးပိုင်း မိုးရွာတော့ တီးတိန်နဲ့ ရိဒ်တီအိုချောင်းကြား အတက်မှာ လမ်းတွေ ချော်တယ်။ ကုန်ကားတွေ ရပ်စောင့်နေရတယ်။ အစီးရေက ၃၀ နဲ့ ၄၀ ကြားရှိတယ်။ ဒီလမ်းပိုင်းကတော့ အတက်ဆိုတော့ နောက်လန်ကျမှာ လမ်းချော်ကျမှာ စိုးလို့ မတက်ရဲကြဘူး" လို့ ပြောပါတယ်။
တခြားကုန်တင်ယာဉ်မောင်းတဦးကလည်း"ဒီလမ်းပိုင်းက ပြုပြင်ဆဲပဲ။ တချို့နေရာတွေဆို ကွန်ကရစ်ခင်းထားတာတွေရှိတယ်။ မိုးရွာရင် ကားငယ်ဖြတ်တော့ လမ်းပေါ် ရွံ့စေးတင်ပြီး အန္တရာယ်များလို့ ခရီးမဆက်ပဲ မြေပြန့် အောင်စောင့်ကြတယ်။ ကားတချို့ကတော့ ထွက်ကြပြီ တချို့ကတော့ ကျန်နေသေးတယ်" လို့ ပြောပါတယ်။
ဆောင်းဝင်လာပေမယ့် မုန်တိုင်းငယ်ကြောင့် ချင်းတောင်ဒေသမှာ ၅ ရက်လောက် အဆက်မပြတ်ရွာသွန်းခဲ့ပြီး ကားငယ်တွေသာ ဖြစ်သန်းနေတာပါ။
လက်ရှိမှာတော့ မိုးပြတ်တာနဲ့ တက်ကြတဲ့ ကုန်ကားတွေ ပိတ်မိနေပြီး အဲဒီကုန်ကားတွေဟာ ချင်းပြည်နယ် ဖလမ်းနယ်ထဲက ရိဒ်တီအိုချောင်း အိန္ဒိယနယ်စပ်ကနေ တဖက်နိုင်ငံ တင်ပို့မယ့် ကွမ်းသီးတွေ တင်ပို့တဲ့ ကုန်ကားတွေလို့လည်း သိရပါတယ်။
မင်းရဲစစ်နိုင်