လက်ဘနွန်တွင် အမှိုက်စွန့်ပစ်မှုဆိုင်ရာ ဥပဒေ အငြင်းပွားစရာဖြစ်နေ

ဓာတ်ပုံ - REUTERS/Aziz Taher
လက်ဘနွန်နိုင်ငံအတွင်း အမှိုက်စွန့်ပစ်မှုဆိုင်ရာ ဥပဒေက အငြင်းပွားစရာဖြစ်နေလို့ ညစ်ညမ်းမှုနဲ့ ကျန်းမာရေးကိစ္စတွေအပေါ် စိုးရိမ်မှုတွေ တိုးနေပါတယ်။ လက်ဘနွန်နိုင်ငံအတွင်း လောလောလတ်လတ် အတည်ပြုလိုက်တဲ့ အစိုင်အခဲ အမှိုက်စွန့်ပစ်ရေး ဥပဒေဟာ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုနဲ့ ကပ်ဘေး နောက်ဆက်တွဲတွေဆီ ဦးတည်မှာကို နိုင်ငံသားအများအပြားက စိုးရိမ်နေပါတယ်။ နိုင်ငံတွင်း အမှိုက်သရိုက်တွေ စွန့်ပစ်ရာ ဖို့မြေတွေနဲ့ အမှိုက်ပုံတွေက လက်ခံနိုင်တဲ့ ပမာဏထက်ပိုပြီး တောင်လိုပုံနေခဲ့တာ ၂၀၁၅ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ ဆန္ဒပြသူတွေ ဘေရွတ်မြို့ လမ်းတွေပေါ် စုထွက်လာပြီး ဒီပြဿနာကို ချက်ချင်း အဖြေရှာဖို့ အစိုးရကို တောင်းဆိုခဲ့ပါတယ်။ "လက်ဘနွန်ရဲ့ အမှိုက်ပြဿနာက ၂၀၁၅ မှာ စဖြစ်တာ မဟုတ်ဘူး၊ စပေါက်ကွဲတာ။ ကျန်ခဲ့တဲ့ နှစ် ၂၀ အတွင်း အမှိုက်မြေဖို့တာကလွဲလို့ တခြားနည်းလမ်းကို မရှာခဲ့ဘူး။ ခုတော့ အမှိုက်ထားစရာ မြေနေရာကုန်ချိန်မှာ ဂယ်ပေါက်စီမံကိန်း မရှိဘူး" လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်သူ ဇိယတ် အဘီ ချက်ကာက ပြောပါတယ်။ လက်ဘနွန်မှာ နှစ်တိုင်း အမှိုက်ပုံ ၁၅၀ ကျော် မီးလောင်နေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ Human Rights Watch ရဲ့ ၂၀၁၇ အစီရင်ခံစာက သတိပေးထားပါတယ်။ ဒါကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကင်ဆာဖြစ်နိုင်ခြေ မြင့်မားနေတယ်လို့လည်း အစီရင်ခံစာက အခိုင်အမာ ပြောပါတယ်။ "ကျေန်ာတို့မှာ စည်းမျဥ်းတွေချမှတ်မှု၊ လိုက်နာမှုနဲ့ စောင့်ကြည့်မှုမရှိဘူး၊ ကျန်းမာရေးအပေါ် သက်ရောက်မှု ပိုတိုးလာနေတယ်" လို့ ဘေရွတ် အမေရိကန်တက္ကသိုလ် သဘာဝပတ်ဝန်းကျင်စီမံရေး ပညာရှင် ဆာမာ ခါလစ်က ပြောပါတယ်။ နှစ်ချီကြာနေတဲ့ တလွဲစီမံမှုတွေကြောင့် လူငယ် တက်ကြွလှုပ်ရှားသူတွေက နိုင်ငံတလွှား အမှိုက်ရှင်းလင်းရေး စီစဉ် လုပ်ဆောင်နေပါတယ်။ "အပြုသဘော အပြောင်းအလဲလုပ်ဖို့ ကျနော်တို့ကိုယ်တိုင် တာဝန်ယူဖို့လိုတယ်" လို့ လက်ဘနွန် ကမ္ဘာ့သန့်ရှင်းရေးနေ့ ဦးဆောင်သူ အလီနာ ချီလီနီယံက ပြောပါတယ်။ ဘေရွတ် စည်ပင်ဌာနကတော့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP နဲ့ လက်တွဲပြီး အမှိုက်ကနေ စွမ်းအင်ပြန်ထုတ်တဲ့ စက်ရုံတွေ တည်ဆောက်ရေး စီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ လုပ်နေတယ်၊ ဒီနည်းလမ်းဟာ ဥရောပနဲ့ ပြင်ပကမ္ဘာမှာ အောင်မြင်ခဲ့ပြီးသားနည်း ဖြစ်တယ်လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up