Homeမြန်မာသတင်း
ခြံစည်းရိုးကြက်ဆူပင် တိုးချဲ့စိုက်ပျိုးမည့်စီမံကိန်း ပဲခူးတိုင်း လွှတ်တော်အမတ်များကန့်ကွက်
ခြံစည်းရိုးကြက်ဆူပင် တိုးချဲ့စိုက်ပျိုးမည့်စီမံကိန်း ပဲခူးတိုင်း လွှတ်တော်အမတ်များကန့်ကွက်
DVB
·
October 16, 2018
ပဲခူးတိုင်းဒေသကြီးရဲ့ ၂၀၁၈-၁၉ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းဥပဒေ (မူကြမ်း)မှာ ခြံစည်းရိုးကြက်ဆူပင်တိုးချဲ့စိုက်ပျိုးဖို့ လွှတ်တော်စီမံကိန်း ဘဏ္ဍာရေးနှင့် ပြည်သူ့ငွေစာရင်း ကော်မတီက လွှတ်တော်မှာ တင်သွင်းတဲ့အပေါ် လွှတ်တော်ကိုယ်စားလှယ်တွေ ကန့်ကွက်လိုက်ပါတယ်။
အဆိုပါဥပဒေမူကြမ်းမှာ အခြားစက်မှုသီးနှံ ၄ မျိုးအနက် ခြံစည်းရိုးကြက်ဆူကို ၂၀၁၇-၂၀၁၈ ခုနှစ်မှာ ၈၆၉ ဧက၊ ၂၀၁၈-၂၀၁၉ မှာ ၂၀၉၀ ဧကတိုးချဲ့စိုက်ပျိုးသွားမှာဖြစ်ပြီး တိုးတက်မှုအနေနဲ့ ၁၄၀ ရာခိုင်နှုန်းတိုးတက်ကြောင်း တွက်ချက်ဖော်ပြထားပါတယ်။
၂၀၁၇-၂၀၁၈ သီးနှံထွက်နှုန်းကိုတွက်ကြည့်ပါက ကြက်ဆူတစ်ဧကကို ၀ ဒသမ ၂၂ တင်းသာထွက်ရှိတာကြောင့် တဧကကို ၄ ပြည်လောက်သာထွက်ရှိကြောင်း စာရင်းဇယားအရ သိရှိရတဲ့အတွက် မှားယွင်းတဲ့စီမံကိန်းရဲ့ စာရင်းဇယားတွေဖြစ်သလို စက်မှုသီးနှံတွေမှာ ခြံစည်းရိုးကြက်ဆူပင်ကို ထည့်သွင်းမဖော်ပြသင့်ဘူးလို့ ပေါင်းတည်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲလင်းနိုင်က ပြောပါတယ်။
"ပြည်သူတွေလည်းဒီကြက်ဆူနဲ့ ပတ်သက်ပြီး အလုပ်တွေ ရှုပ်တယ်။ အချိန်တွေ ကုန်တယ်။ ဒီအပြင် ကြက်ဆူကို အရင်းပြုပြီးတော့ လယ်ယာမြေတွေကို အခြားနည်းနဲ့ သုံးစွဲတဲ့ပုံစံတွေ လုပ်သွားတယ်။ ကြက်ဆူစီမံကိန်းကိုအကြောင်းပြပြီး လယ်သိမ်းယာသိမ်းတွေ ဖြစ်ထွန်းခဲ့တယ်။ ဒီစီမံကိန်းအပေါ် ဆိုးကျိုးတွေကို မျက်လုံးထဲမြင်ယောင်လာတယ်။ ဒါကြောင့်မို့ လို့ လွှတ်တော်မှာကြက်ဆူဆိုတဲ့ အကြောင်းအရာပါလာတာနဲ့ တပြိုင်ထဲ ကန့်ကွက်ရတာ ဖြစ်တယ်။”
ကြက်ဆူပင်စီမံကိန်းဟာ မြန်မာပြည်မှာ ၂၀၀၀ ပြည့်နှစ်လောက်မှာ စတင်ခဲ့တဲ့ စီမံကိန်းတခုဖြစ်ပြီး ပြည်သူလူထုအတွက် အကျိုးမပြုတာကြောင့် ရပ်ဆိုင်းထားခဲ့ တာဖြစ်ပါတယ်။
ကြက်ဆူပင် စိုက်ထားတဲ့ နေရာတွေမှာ အစားထိုးသီးနှံတွေ စိုက်ကြတာ များပေမယ့် ခုအချိန်မှာမှ အရင်လုပ်ထားတဲ့ စီမံကိန်းကို ဘယ်လိုဆွဲထည့်လည်းဆိုတာကတော့ အံသြစရာ ကောင်းတယ်လို့ ဖြူးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီဝင်းက ပြောပါတယ်။
အဆိုပါ ဒေသန္တရစီမံကိန်းဥပဒေ(မူကြမ်း)ကို အောက်တိုဘာ ၈ ရက် လွှတ်တော်မှာ တင်သွင်းခဲ့တာဖြစ်ပြီး အောက်တိုဘာလ ၁၅ ရက် လွှတ်တော်ပုံမှန် အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ၂ ဦးက ဆွေးနွေးကန့်ကွက်ခဲ့ပြီး ဒီစီမံကိန်းနဲ့ ပတ်သက်လို့ ဘဏ္ဍာငွေတောင်းခံထားတာ မရှိဘူးလို့ သိရပါတယ်။
သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်