ဂူတွင်းပိတ်မိခဲ့သည့် တောဝက်လူငယ် ၁၃ ဦး ရုပ်ရှင်မူပိုင်ခ ဒေါ်လာ ၁ သန်းခွဲရမည်

ထိုင်းမြောက်ပိုင်း ချင်းရိုင်းခရိုင် မယ်ဆိုင်ကျောက်ဂူကြီးထဲ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက တောဝက်ဘောလုံးအသင်း နည်းပြ ၁ ဦးနဲ့ လူငယ် ၁၂ ဦးတို့ ဆယ်ရက်ကျော်ပိတ်မိခဲ့လို့ လူပေါင်းထောင်ချီ သွားရောက်ကူညီကယ်ဆယ်ခဲ့ရတဲ့ ဖြစ်ရပ်ဟာ ကမ္ဘာကျော်သွားပြီး  ဖြစ်ရပ်မှန်ရုပ်ရှင်ရိုက်ကူးဖို့ နိုင်ငံတကာ ရုပ်ရှင်ကုမ္ပဏီတွေ ကမ်းလှမ်းခဲ့ကြပါတယ်။ အဲဒီထဲမှာ ကမ္ဘာကျော် ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတခုဖြစ်တဲ့ Universal Pictures ကုမ္ပဏီက ရိုက်ကူးခွင့်ရပြီး ဒါရိုက်တာ မိုက်ကယ်ဒီလူကာ (Michael DeLuca) နဲ့ ဇာတ်ညွှန်းဆရာ ဒေ့ဗ်ဘရုစ် (Dave Bruce) တို့နှစ်ဦးက တာဝန်ယူရိုက်ကူးမယ်လို့ The Wall Street Journal  ကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ အဲဒီ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းဆရာ ၂ ဦးတို့ဟာ ရုပ်ရှင်ကားကောင်း ရိုက်ကူးရာမှာ နာမည်ကြီးပြီး သူတို့ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ The Social Network နဲ့ Captain Phillips ရုပ်ရှင်ဇာတ်ကားတွေဟာ ဝင်ငွေကောင်းခဲ့ပါတယ်။ သူတို့ ၂ ဦးဟာ ပြီးခဲ့တဲ့ ဇူလိုင်လက ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ရောက်ရှိလာပြီး ပတ်ဝန်းကျင် လေ့လာဆန်းစစ်မှုတွေ ပြုခဲ့ကြောင်း၊ ရုပ်ရှင်ရိုက်ကူးရေး မူပိုင်ခအနေနဲ့လည်း တောဝက်လူငယ် ၁၃ ဦးကို အမေရိကန်ဒေါ်လာ ၁ သန်းခွဲ ပေးအပ်သွားမှာဖြစ်တယ်လို့  ဆိုပါတယ်။ အမေရိကန်ဒေါ်လာ ၁ သန်းခွဲဟာ ထိုင်းဘတ် ၄၉ သန်းနဲ့ညီမျှပြီး တောဝက်လူငယ် ၁၃ ဦးကို အညီအမျှ ခွဲဝေပေးမယ်ဆိုရင် တဦးကို ဘတ် ၃ သန်း ၇ သိန်း ရရှိမှာဖြစ်တယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ တောဝက်လူငယ် ၁၃ ဦးဟာ ပြီးခဲ့တဲ့အပတ်က အာဂျင်တီးနားနိုင်ငံ လူငယ်အိုလံပစ်အားကစားပြိုင်ပွဲကို သွားရောက်ဆင်နွှဲခဲ့ပြီး ခုလောလောဆယ် အမေရိကန်နိုင်ငံမှာ ရောက်ရှိနေကာ ရုပ်သံသတင်းဌာနတွေကို အင်တာဗျူး ပေးနေပါတယ်။ တောဝက်လူငယ်ကယ်ဆယ်ရေး လုပ်ငန်းစဉ်ကြီးဟာ အံ့ဘွယ်အောင်မြင်မှုကြီးတခု ဖြစ်တာကြောင့် အမေရိကန်နိုင်ငံအခြေစိုက် Asia Society အဖွဲ့အစည်းကလည်း ဂူတွင်းပိတ်မိလူငယ်ကယ်ဆယ်ရေး လုပ်ငန်းစဉ်တခုလုံးရဲ့ ဥက္ကဋ္ဌ ဖယောင်းခရိုင်ဝန် နိုင်းနလုံးဆဒ် အိုးဆုခ်ထနားကွန်းကို အာရှခေါင်းဆောင်ဆု Asia Game Changer Awards ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ လူငယ် ၁၃ ဦးနဲ့ အုပ်ထိန်းသူ တာဝန်ရှိသူတွေဟာ အောက်တိုဘာ ၁၇ ရက်နေ့ ထိုင်းနိုင်ငံကို ပြန်လာကြမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up