Home
မြန်မာသတင်း
ရန်ကုန်စည်ပင်သာယာရေးကော်မတီ ဌာနတချို့ ၅ နှစ်ဆက်တိုက် အရှုံးပေါ်
ပိုင်စိုး
·
October 14, 2018
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဌာနတချို့ဟာ ၅ နှစ်ဆက်တိုက် အရှုံးပေါ်နေတဲ့ လုပ်ငန်းတွေကို ဆက်လုပ်နေတာ၊ ဘဏ္ဍာရေးစည်းမျဉ်းနဲ့ မညီဘဲ စက်သုံးဆီတွေ ပိုဝယ်ပြီး ပုဂ္ဂလိက ကုမ္ပဏီတွေမှာ သိုလှောင်တာတွေ လုပ်နေတယ်လို့ တိုင်း စာရင်းစစ်ချုပ်က အစီရင်ခံပါတယ်။ ရန်ကုန်တိုင်းလွှတ်တော်ကို တင်သွင်းခဲ့တဲ့ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွက် စာရင်းစစ်ချုပ် အစီရင်ခံစာမှာ ဖော်ပြထားတာပါ။ ထုတ်လုပ်ရေးဌာနရဲ့ လုပ်ငန်း ၁၅ ခု ဟာ ၅ နှစ်ဆက်တိုက် အရှုံးပေါ်နေခဲ့တာပါ။ ကြက်မွေးမြူရေး၊ ဂေါက်ကွင်း၊ အပန်းဖြေလုပ်ငန်း၊ ပုဇွန်မွေးမြူရေး၊ စိုက်ပျိုးရေး၊ ဟိုတယ်လုပ်ငန်း စတဲ့ လုပ်ငန်းတွေဟာ ၂၀၁၂- ၁၃ ခုနှစ်က စလို့ ၂၀၁၆-၁၇ ခုနှစ်အထိ နှစ်တိုင်း အရှုံးတွေ ပိုပြီး တိုးလာခဲ့ပါတယ်။ ဒီလုပ်ငန်းတွေအားလုံးရဲ့ ၅ နှစ်အတွင်း အရှုံးစုစုပေါင်းဟာ ကျပ်သိန်းပေါင်း ၁ သောင်းကျော် ရှိနေတာပါ။ ဒီဌာနတွေရဲ့ အရှုံးစာရင်း လျော့နည်းစေဖို့အတွက် စခန်းမှာ ရှိတဲ့ ဝန်ထမ်းတွေရဲ့ လစာကို စခန်းရဲ့ စာရင်းမှာ မထည့်ဘဲ ရုံးချုပ်ရဲ့ စာရင်းမှာပဲ ထည့်ထားတာကြောင့် အရှုံးသက်သာနေသယောင် ဖြစ်နေတယ်လို့လည်း စာရင်းစစ်ချုပ်က ဆိုပါတယ်။ ဒါ့အပြင် စက်ရုံနဲ့ မော်တော်ယာဉ်ဌာနဟာလည်း နှစ်အတွင်းမှာ အမှန်တကယ်သုံးစွဲတာ ထက် ၃ ဆ လောက်ပိုပြီး နှစ်လွန်သုံးစွဲဖို့ ဝယ်ယူတာတွေ လုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှာ ကျပ်သိန်းပေါင်း ၈၀၀၀ ဖိုးလောက် စက်သုံးဆီတွေကို ပိုပြီး ဝယ်ယူထားခဲ့တာပါ။ တကယ်တော့ ဒါကို ပိုလျှံငွေအဖြစ် ပြန်အပ်ရမှာ ဖြစ်ပေမယ့် မအပ်ဘဲ စက်သုံးဆီတွေ ပိုဝယ်ထားပြီး နောက်နှစ်မှာ စရိတ်မရှိအသုံးပြုမှုအဖြစ် ပြန်ထုတ်ပေးတဲ့ စနစ် ဖြစ်တယ်လို့ စာရင်းစစ်ချုပ်က ဆိုပါတယ်။ ဒီလို အမြဲလုပ်လေ့ရှိပြီး ၂၀၁၄-၁၅ ခုနှစ်မှာ ကျပ်သိန်ပေါင်း ၉၀၀၀ ကျော်၊ ၂၀၁၅-၁၆ မှာ ကျပ်သိန်းပေါင်း ၈၀၀၀ လောက်၊ ၂၀၁၆-၁၇ မှာ ကျပ်သိန်းပေါင်း ၈၀၀၀ လောက် ဆီလက်ကျန်တွေ ရှိနေပြီး ဒီဆီတွေကို ဌာနပိုင် သိုလှောင်ကန်တွေမှာ မဆံ့လို့ ကုမ္ပဏီပိုင် သိုလှောင်ကန်တွေမှာ ထားလေ့ရှိတယ်လို့လည်း ဆိုပါတယ်။ တာယာ၊ ဘက္ထရီ စတာတွေကိုလည်း နှစ်ဟောင်းလက်ကျန်တွေကို ထုတ်ပေးနိုင်ပေမယ့် ထပ်ဝယ်တာမျိုး လုပ်လေ့ရှိတာပါ။ ဒါဟာ ဘဏ္ဍာရေးကျင့်စဉ်နဲ့ မညီညွတ်ဘူးလို့ စာရင်းစစ်ချုပ်က အစီရင်ခံပါတယ်။ စာရင်းစစ်ချုပ်ဟာ စည်ပင်အပါအဝင် ရန်ကုန်တိုင်းထဲမှာ ရှိတဲ့ တိုင်းအစိုးရနဲ့ ဆိုင်တဲ့ ဌာနတွေ၊ ပြည်ထောင်စု အဆင့် ဌာနတွေနဲ့ ပတ်သက်ပြီး စစ်ဆေးတွေ့ရှိတာတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလ ရန်ကုန်တိုင်း လွှတ်တော် အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024