Home
မြန်မာသတင်း
အင်္ဂပူတွင် ကမ်းပါးပြိုကျမှုကြောင့် ဆက်သွယ်ရေးလမ်းမ ပျက်စီးမည့်အခြေအနေ ရင်ဆိုင်နေရ
DVB
·
October 14, 2018
အင်္ဂပူမြို့နယ်ထဲက ငဝန်မြစ်ကမ်းပါးတွေ ဆက်တိုက်ပြိုကျနေလို့ ဘုန်းတော်ကြီး ကျောင်းနဲ့ လူနေအိမ်တွေ ရွှေ့ပြောင်းနေရတဲ့အပြင် ဆက်သွယ်ရေးလမ်းမပါ ပျက်စီးရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေကြရပါတယ်။ အင်္ဂပူမြို့နယ်ဟာ ဧရာဝတီမြစ်နဲ့ ငဝန်မြစ်တို့ ဖြတ်သန်းစီးဆင်းတဲ့ မြို့နယ်တခုလည်း ဖြစ်ပြီး မြစ်ကမ်းပါးပြိုကျတဲ့ဒဏ်ကို နှစ်စဉ်ခံစားနေကြရတာပါ။ အခုလက်ရှိမှာတော့ အင်္ဂပူနဲ့ ညောင်ကျိုးဒေသတို့ ဆက်သွယ်ထားတဲ့ လမ်းပေါ်က ကြို့ကုန်းကျေးရွာမှာ ငဝန်မြစ်ကမ်းပါးပြိုကျတဲ့ဒဏ်ကို အများဆုံးခံစားနေကြရပါတယ်။ လူနေအိမ် ၃၀ ကျော် ဘုန်းတော်ကြီးကျောင်းတခုကို လက်ရှိ ရွှေ့ပြောင်းထားရပြီး အရေးပေါ်အခြေအနေအရ နောက်ထပ် လူနေအိမ် ၅၀ ကျော် ဆက်ပြီး ပြောင်းရွှေ့ရမယ့်အပြင် ဆက်သွယ်လမ်းမနဲ့ ပေ ၂၀ ကျော်သာ ကျန်ရှိနေတော့တာပါ။ အဲလိုဖြစ်ပေါ်နေတာတွေကြောင့် ဒေသခံတွေက ငဝန်မြစ်ကမ်းပါးထိန်းခြင်းတွေနဲ့အတူ ဆက်သွယ်ရေးလမ်းမကို ထိန်းသိမ်းပေးဖို့ လိုလားနေကြပါတယ်။ အင်္ဂပူမြို့နယ် ကြို့ကုန်းကျေးရွာနေ ဦးမြင့်သန်းက “ကျနော်တို့ ညောင်းကျိုးဒေသတွင်းက လူတွေက ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးနဲ့ပတ်သက်ပြီး ဒီလမ်းမကြီးကိုပဲ အားထားပြီး အင်္ဂပူ၊ ဟင်္သာတ စတဲ့နေရာတွေကို သွားလာရတာပါ။ တကယ်လို့ လမ်းမပါ ငဝန်မြစ်ထဲ ပါသွားရင် အနောက်ဘက်က တာဘောင်က ခုရေထက်နိမ့်နေတာတွေကြောင့် လယ်မြေဧက ထောင်နဲ့ချီ ပျက်စီးနိုင်ပါတယ်။ အဲဒါတွေကြောင့် တာဝန်ရှိတဲ့သူတွေကို အမြန်လမ်းထိန်း တာတွေ ကမ်းပါးထိန်းတာတွေလုပ်ပေးစေချင်ပါတယ်” လို့ ပြောပါတယ်။ အင်္ဂပူညောင်ကျိုးလမ်းမဟာ (၁၄)မိုင်ကျော် ရှည်လျားပါတယ်။ လက်ရှိမှာတော့ ခရီးတဝက်ဖြစ်တဲ့ ကြို့ကုန်းကျေး ရွာမှာ ငဝန်မြစ်ကမ်းပါးပြိုကျလိုမြစ်ထဲ ပါသွားမယ့် အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရတာပါ။ ညောင်ကျိုး၊ အမြိုင်၊ လူတော်စု၊ ကြို့ကုန်းစတဲ့ ကျေးရွာပေါင်း ၁၅၀ ကျော်က အင်္ဂပူမြို့နယ်ကို လာရောက်မယ်ဆိုရင် ဒီညောင်ကျိုး- အင်္ဂပူ လမ်းမကိုပဲ အားထားနေရတဲ့တခုတည်း လမ်းမလည်းဖြစ်ပါတယ်။ အင်္ဂပူမြို့နယ် ကြို့ကုန်းကျေးရွာနေ ဒေါ်ချိုချိုတင်က “မြစ်ကမ်းပါးပြိုကျတာကတော့ ပြိုတာတော့ အတော်ကြာနေပြီပေါ့။ အဲလိုတွေဖြစ်နေတော့ ရွာသူရွာသားတွေ လုပ်ကိုင် စားသောက်တဲ့ ကိုင်းမြေတွေလည်း မရှိတော့ဘူးပေါ့။ ပြီတော့ ဒီလမ်းက ကျမတို့အတွက် ကျန်းမာရေး၊ လူမူရေးစတာတွေကို အဓိက အားထားရတာလေ ခုတော့မြစ်ထဲပါမယ့် အခြေအနေတွေကြောင့် သက်ဆိုင်ရာက မြစ်ကမ်းပါးကို အမြန်ဆုံးလာရောက်ကြည်ရှုပြီး ပြုပြင်ထိန်းသိမ်းတာတွေ လုပ်ကိုင်ပေးစေချင်ပါတယ်” လို့ ပြောပါတယ်။ ငဝန်မြစ်ကမ်း ထိန်းခြင်းလုပ်ငန်းတွေကို အစိုးရအဆက်ဆက်လုပ်ကိုင်နေပေမယ့် ထိရောက်လာတာတွေ မရှိဘူးလို့လည်း ဝေဖန်ထောက်ပြတာတွေ ရှိနေပါတယ်။ ငဝန်မြစ်ကမ်းပါး ပြိုလို့ ခုကြို့ကုန်းကျေးရွာမှာ အရေးပေါ်ရန်ပုံငွေနဲ့ မနှစ်က ကမ်းပါးထိန်းတာ တွေ လုပ်ကိုင်ပေမယ့် ကမ်းပါးကတော့ ဆက်တိုက်ပြိုကျနေတာပါ။ အင်္ဂပူမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဇင် က “ကျနော်တို့တွေ မနှစ်ကလည်း အရေးပေါ်လုပ်ကိုင်ပါတယ်။ နှစ်ကတော့ ကျနော်က အစည်းအဝေးတွေ တက်နေ ရလို့ ကိုယ်တိုင်တော့ သွားမကြည်ရသေးဘူး။ တိုင်းလွှတ်တော်ဥက္ကဋ္ဌနဲ့ တိုင်းဆည်မြောင်း တိုင်းလမ်းဦးစီးတို့ လာကြည့်လိမ့်မယ်။ လက်ရှိမှာတော့ သန်း ၃၀၀၊ သိန်းပေါင်း ၃၀၀၀ ကျော်နဲ့ ကမ်းပါးထိန်းတာ လုပ်ကိုင်မှာပါ” လို့ ပြောပါတယ်။ ဟင်္သာတခရိုင်ထဲမှာ ငဝန်မြစ်ကမ်းပါး ပြိုကျနေတာတွေကြောင့် ဟင်္သာတမြို့နယ်၊ အင်္ဂပူမြို့နယ်၊ လေးမျက်နှာမြို့နယ်တွေမှာ လူနေအိမ်တွေ ပြောင်းရွေ့နေရတာတွေ ဆက်တိုက်ဖြစ်ပေါ်နေကြတာပါ။။ သတင်း - သန်းထိုက်မြင့်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024