A d v e r t i s e m e n t With Us

ကစားသမားဘဝက အနားယူပြီဟု တတိယကြိမ်မြောက်ကြေညာလိုက်သည့် ကာဆာနို

အီတလီလက်ရွေးစင်တိုက်စစ်မှူးဟောင်း အန်တိုနီယို ကာဆာနိုက ဘောလုံးလောက အနားယူပြီိးလို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒါဟာ ကာဆာနိုရဲ့ တတိယအကြိမ် မြောက်အနားယူပြီးလို့ ကြေညာချက်ဖြစ်တယ်လို့လည်း CAN သတင်းမှာ ဖော်ပြပါတယ်။ “လုံးဝအဆုံးသတ်သွားပြီလို့ ခင်ဗျားဆုံးဖြတ်လိုက်တဲ့ နေ့ဟာ ရောက်ရှိလာခဲ့ပါပြီ” လို့ ကာဆာနိုက ပြောပါတယ်။ ကာဆာနိုဟာ စီးရီးစီ အသင်းတသင်းဖြစ်တဲ့ ဗားတပ်စ်အန်တယ်လာ အသင်းနဲ့ ပြီးခဲ့တဲ့ တနင်္လာနေ့ကမှ စတင်လေ့ကျင့်ရေးဆင်းခဲ့သူလည်း ဖြစ်ပါတယ်။ “လေ့ကျင့်ရေး လုပ်ပြီးတဲ့အချိန်မှာ ကျနော်သဘောပေါက်လာတာကတော့ ကျနော့်မှာ ဘောလုံးဆက်ကစားဖို့ ကောင်းမွန်တဲ့ စိတ်ဓာတ်အခြေအနေ မရှိတော့ဘူး။ ဆိုတာပါပဲ” လို့လည်း သူကပြောပါတယ်။ အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ ကာဆာနိုဟာ ရီးရဲမက်ဒရစ်၊ ရိုးမားနဲ့မီလန်မြို့ ခံအသင်းနှစ်သင်းနဲ့ နာမည်ကျော်ကလပ်တွေမှာ ကစားခဲ့ဖူးသူဖြစ်ပါတယ်။ ကာဆာနိုဟာ သူကစားသမားဘဝက အနားယူတော့မယ်လို့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဇူလိုင်လမှာ ပထမဆုံးအကြိမ် ကြေညာခဲ့ပါတယ်။ သူဟာ အီတလီ အသင်းတသင်းဖြစ်တဲ့ ဟားလက်စ်ဗီရိုနာအသင်းနဲ့ စာချုပ်ချုပ်ဆိုပြီး တပတ်အကြာမှာ ဒီလိုကြေညာချက် ထုတ်ပြန်ခဲ့တာကြောင့် အားလုံးက အံ့အားသင့်ခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီနောက်မှာတော့ သူဟာ သူ့ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ခဲ့ပြီး ဗီရိုနာအသင်းမှာ တရာသီကြာ ကစားမယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း အသင်းနဲ့ ရာသီကြိုခြေစမ်းပွဲ နှစ်ပွဲကစားပြီးချိန်မှာ အနားယူတော့မယ်လို့ ထပ်မံကြေညာခဲ့ပြီး အားလုံးကို ထပ်မံအံ့သြသင့်စေခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အန်တယ်လာအသင်းမှာ ကစားဖို့ ထပ်မံဆုံးဖြတ်ခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ရက်အနည်းငယ် လေ့ကျင့်ရေးပြုလုပ်ပြီးချိန်မှာတော့ သူ့ရဲ့တတိယကြိမ်မြောက် အနားယူမှု ကြေညာချက်ကို ထပ်မံထုတ်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။ ကာဆာနိုဟာ ၂၀၀၃ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်း အီတလီလက်ရွေးစင် အသင်းအတွက် ၃၉ ပွဲက စားပေးခဲ့ပြီး သူ့ကစားသမားဘဝတလျောက် ရီးရဲမက်ဒရစ်အသင်းနဲ့ လာလီဂါဖလားကို ဆွတ်ခူးနိုင်ခဲ့ကာ အေစီမီလန်အသင်းနဲ့ စီးရီးအေဖလားကို ရခဲ့ဖူးသူပဲ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up