မြသလွန်ဘုရားကြီးတွင် ဘုရားဖူးများအတွက် အခမဲ့တည်းခိုဆောင်များ စီစဉ်ထား

2.8K
မကွေးမြို့ မြသလွန်ဘုရားကြီးမှာ ဘုရားဖူးပြည်သူတွေ ညအိပ်တည်းခိုနိုင်ဖို့ အခမဲ့ တည်းခိုဆောင် ၁၁ ဆောင် စီစဉ်ထားတယ်လို့ ဂေါပကအဖွဲ့က ပြောပါတယ်။
မြသလွန်ဘုရား ဂေါပက အဖွဲ့ဝင် ဦးလှထွေးက "အခမဲ့ တည်းခိုဆောင်က အဆောင်ပေါင်း ၁၁ ဆောင်ရှိပြီး အခကြေးငွေဆောင် ၂ ဆောင်ရှိပါတယ်။ အခမဲ့ကော၊ အခကြေးငွေဆောင်ပါဆိုရင် လူဦးရေ ၁ ထောင်လောက် တည်းခိုနိုင်ပါတယ်။ မြသလွန်ဘုရားပွဲတော်နဲ့ ရွှေစက်တော်ပွဲတော်ကာလမှ ဘုရားဖူးပြည်သူ အများဆုံးဖြစ်တယ်။ ဘုရားဖူး ဧည့်သည်တွေ အဖွဲ့ခေါင်းဆောင်က မှတ်ပုံတင် အမည်စာရင်းနဲ့ လူဦးရေကို ပုံစံဖြည့်ပြီး ဂေါပက အဖွဲ့ကို အကြောင်းကြားရတာပါ။ မိသားစုတွေလာရင် ဖျာချောခင်းပြီး လျှပ်စစ်မီး ရရှိအောင် ဝန်ဆောင်မှု ပေးထားပါတယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။
မြသလွန်ဘုရား ဘဏ္ဍာထိမ်းဂေါပက အတွင်းရေးမှူး ဦးမြင့်ဦးက "ယခင်နှစ်က ဘုရားအတွက် အလှူငွေ ကျပ် သိန်းပေါင်း ၁၃ဝဝ ကျော်ရရှိခဲ့ပါတယ်။ ဘဏ္ဍာငွေတွေကို ဆရာတော်ကြီးတွေရဲ့ သြဝါဒခံယူပြီး စနစ်တကျ သုံးစွဲနေတာပါ။ ဘုရားဖူးတွေ အဆင်ပြေဖို့ ဘုရားကြီးရဲ့တောင်ဘက်ကုန်းပေါ်မှာ ရေချိုးခန်းနဲ့ သန့်စင်ခန်း ၁၄ လုံး တည်ဆောက်ထားပါတယ်။ ဘုရားဖူးတွေ တည်းခိုရေး အဆင်ပြေဖို့ အခမဲ့တည်း ခိုဆောင်တွေလည်း စီစဉ်ထားပါတယ်။ ဘုရား ဘဏ္ဍာငွေနဲ့ ခြောက်ယောက်တည်းခိုနိုင်တဲ့ အခန်းကို အခကြေးငွေ တစ်ထောင်ကျပ်သာ ပေးရတဲ့ တည်းခိုဆောင် နှစ်ခုဆောက်လုပ်ထားတယ်” လို့ ပြောပါတယ်။
မြသလွန်ဘုရားပွဲတော် ၂၅၈၂ ကြိမ်မြောက်ကို အောက်တိုဘာ ၁၉ ရက်နေ့ကနေ နိုဝင်ဘာ ၇ ရက်နေ့ထိ ရက် ၂ဝ တိုင်တိုင် ကျင်းပမှာဖြစ်ပါတယ်။ သီတင်းကျွတ် လပြည့်နေ့မှာ ဆီမီး ကိုးထောင် ပန်းကိုးထောင် ထွန်ညှိပူဇော်ပြီး မြန်မာနိုင်ငံအနှံ့က ဘုရာဖူး ခရီးသွားများ ကြိတ်ကြိတ်တိုး စည်ကားတဲ့ ပွဲတော်တခုလည်းဖြစ်ပါတယ်။
သတင်း-မင်းထီး