A d v e r t i s e m e n t With Us

မြန်မာအသင်းနှင့်ပွဲ ခက်ခဲမည်ဟု ဘိုလီးဗီးယားနည်းပြပြော

မြန်မာအသင်းဟာ အသင်းကောင်းတသင်းဖြစ်တာကြောင့် ကစားရမယ့်ပွဲဟာ ခက်ခဲ မှာဖြစ်ပြီး နှစ်သင်းလုံးအတွက် အကျိုးရှိမယ်လို့ ဘိုလီးဗီးယားနည်းပြက ပြောကြားလိုက်ပါတယ်။ မနေ့က ရန်ကုန်မြို့ Novotel Yangon Max ဟိုတယ်မှာ ပြုလုပ်တဲ့ မြန်မာလက်ရွေးစင် အသင်းနဲ့ ဘိုလီးဗီးယား လက်ရွေးစင် အသင်းတို့ရဲ့ ဖီဖာနိုင်ငံတကာ ခြေစမ်းပွဲအတွက် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့တာလို့ အဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ ဘိုလီးဗီးယားနည်းပြ ဆီဇာ ဖာရစ်က "မနက်ဖြန်ပွဲက ပွဲကောင်းတပွဲပါ။ မြန်မာအသင်းရဲ့ပွဲတွေကို ဗွီဒီယိုကြည့်ပြီး လေ့လာထားပါတယ်။ မြန်မာက အသင်းကောင်းတစ်သင်း၊ နည်းစနစ်ကောင်းတဲ့ အသင်းဖြစ်လို့ ပွဲက ခက်ခဲမှာပါ။ ကျနော်တို့ကလည်း တကယ်ကောင်းတဲ့သူတွေကို ခေါ်လာတာပါ။ ကစားဟန်ကွဲပြားတဲ့ မြန်မာအသင်းနဲ့ ခြေစမ်းရမှာဖြစ်လို့ ကျနော်တို့အတွက် ကောင်းပါတယ်။ နှစ်သင်းလုံးအတွက် အကျိုးရှိမှာပါ။ ကျနော်တို့က ကိုပါအမေရိကဖလားအတွက် ပြင်ဆင်နေတာဖြစ်ပြီး ဒီပွဲပြီးရင် နောက်ထပ် ခြေစမ်းပွဲ ငါးပွဲရှိပါသေးတယ်" လို့ ပြောပါတယ်။ မြန်မာလက်ရွေးစင်အသင်းနည်းပြ အန်တိုနီဟေးက "အခုလို တောင်အမေရိက အသင်းကြီးတသင်းနဲ့ ထူးခြားတဲ့ ခြေစမ်းပွဲကို စီစဉ်ပေးလို့ MFF ကို ကျေးဇူးတင်ပါတယ်။ လူငယ်တွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော်တို့ အသင်းအတွက် အံ့မခန်း အခွင့်အရေးတခုပါ။ ဘိုလီးဗီးယားက နည်းစနစ်ကောင်းပါတယ်။ ကျနော်တို့ ကြုံတွေ့နေကျ ပြိုင်ဘက်တွေနဲ့ မတူတဲ့ ကွဲပြားတဲ့ ကစားဟန်ကို ရင်ဆိုင်ရမှာဖြစ်လို့ သိပ်အကျိုးရှိပါတယ်” လို့ ပြောပါတယ်။ ခြေစမ်းပွဲကို အောက်တိုဘာ ၁၃ ရက်၊ ည ၆း၀၀ နာရီ ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်မှာဖြစ်ပြီး မြန်မာအသင်းက ဂျာစီအနီရောင်နဲ့ ဘိုလီးဗီးယားအသင်းက ဂျာစီအစိမ်းရောင် ဝတ်ဆင်မယ်လို့ သိရပါတယ်။ လက်မှတ်ဈေးနှုန်းကို ကျပ် ၅၀၀၀၊ ၃၀၀၀ သတ်မှတ်ထားပြီး ရုပ်သံကြည့်ပရိသတ်တွေအတွက် အခမဲ့ ရုပ်သံလိုင်း (Free to Air) ဖြစ်တဲ့ Channel 9, SKYNET SPORTS-4, SKYNET SPORTS-HD ရုပ်သံလိုင်းတွေမှာ တိုက်ရိုက်ပြသသွားမယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up