ရော်နယ်ဒို အမျိုးသမီးတဦးအား အဓမ္မပြုကျင့်မှုသတင်း ခိုင်လုံသည့် အထောက်အထားရှိဟုဆို

1.7K
ဂျူဗင်တပ်အသင်းရဲ့ ကမ္ဘာကျော်တိုက်စစ်မှူးခရစ္စတီယာနို ရော်နယ်ဒိုဟာ အမျိုး သမီးတဦးကို အဓမ္မပြုကျင်ခဲ့တယ်လို့ ဖော်ပြခဲ့တဲ့ အထောက်အထားတွေ ရာချီရှိနေတယ်လို့ ဂျာမနီ မဂ္ဂဇင်းတစောင်ဖြစ်တဲ့ Der Spiegal က ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့ ၉ နှစ်လောက်က ရော်နယ်ဒိုဟာ သူမကို အဓမ္မကျင့်ခဲ့တယ်ဆိုတဲ့ အမေရိကန် အမျိုးသမီးတယောက်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး အဆိုပါမဂ္ဂဇင်းက ဖော်ပြခဲ့တာပါ။
ဒီလိုပြောဆိုခဲ့တာဟာ အသက် ၃၄ နှစ်အရွယ် ကာသင်းမာယော်ဂါဆိုတဲ့ အမျိုး သမီးတဦးဖြစ်ပြီး သူ့ကို ရော်နယ်ဒိုက ပြီးခဲ့တဲ့ ၂ဝဝ၉ ခုနှစ်တုန်းက လာ့စ်ဗီးဂတ်စ်မြို့မှာ အဓမ္မကျင့်ခဲ့တယ်လို့ စက်တင်ဘာ ၃ဝ ရက်နေ့က ပထမဆုံးအကြိမ် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဒီပြောဆိုမှုကို ရော်နယ်ဒိုဘက်က ပြင်းပြင်းထန်ထန် ငြင်းချက်ထုတ်ခဲ့ပြီး သူ့ရဲ့ ရှေ့နေတွေက ဒါဟာ မဟုတ်မမှန် လုပ်ကြံဖန်တီးထားတာလို့ တုံ့ပြန်ပြောဆိုထားတာပါ။
Der Spiegal မဂ္ဂဇင်းကတော့ “ကျနော်တို့ရဲ့ ကနဦးသတင်းဖော်ပြမှုကို အတည်ပြုနိုင်ဖို့ ရာနဲ့ချီတဲ့ သတင်းရင်းမြစ်တွေဆီက အထောက်အထားတွေ ရှိပါတယ်” လို့ ပြောပါတယ်။
အစောပိုင်းတုန်းကတော့ ရော်နယ်ဒိုဘက်က ဒီကိစ္စဟာ နှစ်ဦးသဘောတူဖြစ်တယ်လို့ ပြောဆိုထားပြီး အဓမ္မဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆန်ထားတာပါ။
သတင်းတွေအရ ရော်နယ်ဒိုဟာ ဒီဖြစ်ရပ်ကို ဖုံးကွယ်ထားဖို့ အမျိုးသမီးကို ပေါင် ၂၈၇ဝဝဝ ပေးခဲ့တယ်လို့ သိရပေမယ့် လက်ရှိအချိန်မှာတော့ အမျိုးသမီးရဲ့ရှေ့နေဖြစ်သူက ဒီကိစ္စကို တရားဥပဒေအရ ရင်ဆိုင်ဖို့ ကြိုးစားလာတာဖြစ်ပါတယ်။
ဒါ့အပြင် ကစားသမားရဲ့ ရှေ့နေဖြစ်သူ ခရစ္စတီယန်ရှရက်ဇ်ကလည်း ဂျာမာန် သတင်းစာရဲ့ ဖော်ပြချက်ဟာ ပုဂ္ဂိုလ်ရေးကို ထိခိုက်စော်ကားတာဖြစ်ပြီး လက်သင့်မခံနိုင်ဘူးလို့ ရိုက်တာသတင်းဌာနကို ပေးပို့တဲ့ ကြေညာချက်တစောင်မှာ ပြောဆိုထားခဲ့ပါတယ်။
ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ ၂ဝဝ၉ ခုနှစ်ဇွန်လ လာ့စ်ဗီးဂတ်စ်မြို့ရဲ့ ဟိုတယ်ခန်းတခန်းထဲမှာ ဖြစ်ပွားခဲ့တာလို့ အမျိုးသမီးရှေ့နေရဲ့ ပြောဆိုမှုကို ကိုးကားဖော်ပြထားပြီး ရော်နယ်ဒိုဟာ သူမကို ဓမ္မတာနဲ့ ဆန့်ကျင်ကာ အဓမ္မကျင့်ခဲ့တယ်လို့ အမျိုးသမီးက ထွက်ဆို ထားကြောင်းလည်း ပါဝင်ပါတယ်။