မြင်းမူမြို့နယ်တွင် ခရီးသည်တင်ယာဉ်တစီး သစ်ပင်ဝင်တိုက်၊ ၁၅ ဦး ဒဏ်ရာရ
DVB
·
October 11, 2018
မြင်းမူမြို့နယ်မှာ ခရီးသည်တင်ယာဉ်တစီး သစ်ပင်ကို ဝင်ရောက်တိုက်မိခဲ့တာကြောင့် ယာဉ်မောင်းအပါအဝင် ခရီးသည် ၁၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
စိုင်းလင်းဝေ မောင်းနှင်ပြီး ခရီးသည် ၄ဝ လိုက်ပါလာတဲ့ ရွှေစင်္ကြာ ခရီးသည်တင်မှန်လုံယာဉ်ဟာ အောက်တိုဘာ ၁ဝ ရက်နေ့ ည ၁ဝ နာရီလောက်က မြင်းမူမြို့၊ မုံရွာ-မန္တလေး ကားလမ်း မိုင်တိုင် (၄၆/၅) မြို့ရှောင်လမ်းဆုံမှာ အရှိန်မထိန်းနိုင်ဘဲ လမ်းယာသစ်ပင်ကို ဝင်ရောက်တိုက်မိခဲ့တာလို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
ယာဉ်မတော်တဆမှုကြောင့် ယာဉ်မောင်းအပါအဝင် ခရီးသည် ၁၅ ဦး မစိုးရိမ်ရ ဒဏ်ရာတွေရရှိခဲ့ပြီး မြင်းမူ ပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသခဲ့တယ်လို့ ဆိုပါတယ်။ ဒီနောက် ယာဉ်မောင်း စိုင်းလင်းဝေအား မန္တလေးပြည်သူ့ဆေးရုံကြီးကို လွှဲပြောင်းကုသခဲ့တယ်လို့ သိရပါတယ်။
ယာဉ်မောင်း စိုင်းလင်းဝေအား မြင်းမူမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၃၈/ ၃၃၇ /၂၇၉ (ပေါ့လျော့မှုကြောင့် ပြင်းထန်/သာမန် နာကျင်စေမှု/ယာဉ်မဆင်မခြင်မောင်းနှင်မှု) တို့နဲ့ အမှုဖွင့်စစ်ဆေးနေကြောင်း သိရပါတယ်။