သတင်းထောက်အမျိုးသမီး မုဒိမ်းကျင့်အသတ်ခံရမှု အမျိုးသား ၁ ဦးကို ဂျာမနီတွင် ဖမ်းမိ

1.9K
တီဗွီအန်သတင်းဌာနမှ စုံစမ်းဖော်ထုတ်သတင်းထောက် အမျိုးသမီးတဦးဖြစ်တဲ့ ဗစ်တိုးရီးယား မာရီနိုဗာ မုဒိမ်းကျင့်အသတ်ခံခဲ့ရတဲ့အမှုနဲ့ ပတ်သက်ပြီး သံသယရှိသူ အမျိုးသားတဦးကို ဂျာမနီနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဂျာမနီနိုင်ငံ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး တာဝန်ရှိသူတဦးက အတည်ပြု ပြောကြားပါတယ်။
အသက် ၂၀ အရွယ်ရှိတဲ့ အဲဒီအမျိုးသားဟာ ဘူလ်ဂေးရီးယားနိုင်ငံသားဖြစ်ပြီး ဂျာမနီနိုင်ငံ မြို့တော် စတိတ်ဒ်ရဲ့ တိုက်ခန်းတခန်းထဲမှာ အောက်တိုဘာ ၉ ရက်က ဖမ်း ဆီးနိုင်ခဲ့တာလို့ ပြည်နယ်ရာဇဝတ် ပြစ်မှုစုံစမ်းစစ်ဆေးရေးအကြီးအကဲ ဖရီးဒို ဒီဗရီးစ်က ပြောပါတယ်။
ဘူလ်ဂေးရီးယားအစိုးရကတော့ အဖမ်းခံထားရတဲ့ သူ့နိုင်ငံသားကို ပြန်လွှဲ ပြောင်းပေးဖို့ ပန်ကြားထားပြီး ဒါဟာ ရက် ၄၀ လောက်ထိ ကြာနိုင်တယ်လို့ ဒီဗရီးစ်က ပြောပါတယ်။
အသက် ၃၀ အရွယ် မာရီနိုဗာမှာ ၇ နှစ်အရွယ် သမီးတယောက် ကျန်နေခဲ့ပြီး သူဟာ မုဒိမ်းကျင့်ခံရပြီး၊ ရိုက်နှက်ခံရတာကြောင့် သေဆုံးသွားခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
စက်တင်ဘာ ၃၀ မှာ မာရီနိုဗာရဲ့ နောက်ဆုံး တီဗွီအစီအစဉ်မှာတော့ သူဟာ အီးယူရန်ပုံငွေတွေနဲ့ ပတ်သက်နေတဲ့ သံသယဖြစ်ဖွယ် လာဘ်စားမှုကို စုံစမ်းနေတဲ့ ဂျာနယ်လစ် သတင်းစာဆရာ ၂ ဦးကို မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ဘူလ်ဂေးရီးယား အာဏာပိုင်တွေကတော့ မာရီနိုဗာ အသတ်ခံရမှုနဲ့ သူ့အလုပ်က ခုထိတော့ ဘာဆက်စပ်မှုမှ မတွေ့ရဘူးလို့ ပြောပါတယ်။
ဘူလ်ဂေးရီးယားနိုင်ငံဟာ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့် အညွှန်းကိန်းမှာ နိုင် ငံပေါင်း ၁၈၀ မှာ အဆင့် ၁၁၁ မှာ ရှိနေတာဖြစ်ပြီး ဥရောပသမဂ္ဂ(အီးယူ) အဖွဲ့ဝင်နိုင်ငံတွေ အားလုံးထက် နိမ့်ကျတယ်လို့ ရိုက်တာသတင်းမှာ အောက်တိုဘာ ၁၀ ရက်နေ့က ဖော်ပြပါတယ်။
မာရီနိုဗာရဲ့ လုပ်ဖော်ကိုင်ဘက်တွေကတော့ ဒီသတင်းကြောင့် ၀မ်းနည်းစိတ် မကောင်းဖြစ်ကြရပြီး သူဟာ မသန်စွမ်းတွေအရေးနဲ့ ကလေးသူငယ်ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စတွေမှာ စွမ်းစွမ်းတမံ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။