A d v e r t i s e m e n t With Us

တောဝက်လူငယ်များအား ကယ်ဆယ်ရေးတွင် ဦးဆောင်ခဲ့သူ ထိုင်းခရိုင်ဝန် အာရှခေါင်းဆောင်ဆုရရှိ

လွန်ခဲ့တဲ့ ၃ လကျော်က ထိုင်းနိုင်ငံ မယ်ဆိုင်ကျောက်ဂူကြီးထဲ ပိတ်မိခဲ့တဲ့ တောဝက်အကယ်ဒမီ လူငယ်ဘောလုံးသမား ၁၃ ဦး ကယ်ဆယ်ရေးလုပ်ငန်းစဉ်မှာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ဖယောဝ်းခရိုင်ဝန်  နိုင်းနရုန်းဆဒ် အိုးဆုခ် ထနားကွန်းဟာ ၂၀၁၈ ခုနှစ်အတွက် Asia Game Changer Award လို့ခေါ်တဲ့ အာရှခေါင်းဆောင်ဆုကို ရရှိခဲ့ပါတယ်။ အဆိုပါဆုကို အာရှတိုက်တွင်းရှိ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ပညာရေး စတဲ့ ကဏ္ဍတွေမှာ အကောင်းဘက်ကို ဦးတည်ပြောင်းလဲသွားအောင် ဖော်ဆောင်နိုင်စွမ်း ရှိသူတွေကို မြှင့်တင်ဂုဏ်ပြုတဲ့အနေနဲ့ရော၊ အမေရိကန်နိုင်ငံနဲ့ အာရှပစိဖိတ်ဒေသတွင်းရှိ နိုင်ငံတွေကြား ဆက်ဆံရေးပိုမိုကောင်းမွန်စေဖို့ ရည်ရွယ်တဲ့အနေနဲ့ပါ အမေရိကန် အခြေစိုက် Asia Society Association က ရွေးချယ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် Asia Game Changer Award အာရှခေါင်းဆောင်ဆု  ရရှိသူပေါင်း ၉ ဦးရှိပြီး ဆုပေးအပ်ချီးမြှင့်ပွဲကို အမေရိကန်နိုင်ငံ နယူးယောက်မြိုမှာ မနေ့ညက ကျင်းပ ခဲ့ပါတယ်။ အဆိုပါဆုကို ခရိုင်ဝန် နရုန်းဆဒ်ကိုယ်တိုင် တက်ရောက်ရယူပြီး ဂူတွင်းပိတ်လူငယ်ကိုယ်စား နည်းပြခို့စ်အေခ် နဲ့ ၀ လူငယ် အဒွန်းလ်တို့က သက်သေအဖြစ် လိုက်ပါတက်ရောက်ခဲ့ပါတယ်။ ဆုပေးပွဲမှာ ခရိုင်ဝန် နရုန်းဆဒ်က ဂူတွင်းပိတ်လူငယ် ၁၃ ဦးအား ကြိုးစားကယ်တင်ခဲ့ပုံတွေ ပြန်ပြောပြပြီး အဓိကမှာ ထိုင်းနဲ့နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တို့ စည်းလုံးညီညွှတ်မှုရှိတာ၊ တူညီသောရည်ရွယ်ချက်ပန်းတိုင်ရှိတာ၊ အခြေအနေသိရှိသုံးသပ်နိုင်တာ၊ စနစ်တကျစီမံခန့်ခွဲတာ၊ စေတနာ၊ အနစ်နာခံတာ စတာတွေကြောင့် လူငယ်တွေကို ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့တာလို့ ပြောပါတယ်။ ကယ်ဆယ်ရေးထဲပါဝင်သူ လူတိုင်းလူတိုင်း အရေးပါအရာရောက်သူတွေချည်းဖြစ်လို့ ဒီဆုဟာလည်း သူ့အတွက်မဟုတ်ဘဲ ကယ်ဆယ်ရေးထဲ ပါဝင်သူအားလုံးရဲ့ ဆုဖြစ်ပြီး သူက ကိုယ်စားပြုအနေနဲ့ လာယူပေးတာပဲ ဖြစ်တယ်လို့ ပြောသွားပါတယ်။ ဒီ Asia Game Changer Award  ဆုကို နှစ်စဉ်ရွေးချယ်ချီးမြှင့်လာခဲ့တာမှာ  ထိုင်းနိုင်ငံအနေနဲ့ ပထမဆုံးရရှိခဲ့တဲ့ ဆုလည်းဖြစ်ပါတယ်။ လူငယ်တွေ ဂူတွင်းပိတ်မိခဲ့စဉ်က ခရိုင်ဝန် နရုန်းဆဒ်မှာ ချင်းရိုင်ခရိုင်ဝန်ဖြစ်ပြီး ဂူကြီးဟာ ချင်းရိုင်ခရိုင်ထဲမှာရှိလို့ တာဝန်အရှိဆုံးသူအဖြစ် ကယ်ဆယ်ရေးဥက္ကဋ္ဌအနေနဲ့ တာဝန်ပေး အပ်ခံခဲ့ရတာပါ။ သူ့ရဲ့ စီမံခန့်ခွဲမှုကောင်းမွန်တာ၊ စေတနာအနစ်နာခံတာ၊ ဆက်ဆံရေးကောင်းမွန်တာ၊ ကလေးတွေ မတွေ့မချင်း ဂူကြီးနားမှာ နေ့ညမရွေးအချိန်ပြည့် ကွပ်ကဲစီမံခဲ့တာကြောင့် လူအများရဲ့ ချီးကျူးဂုဏ်ယူမှုကိုခံရပြီး သူရဲကောင်းအဖြစ်လည်း တင်စားခေါ်ဝေါ်ခံခဲ့ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up