အိန္ဒိယ၌ ခိုးရာလိုက်ပြေးသည့် အမျိုးသမီး သစ်ပင်တွင်ချည်နှောင်ပြီး ရိုက်နှက်ခံရ

အိန္ဒိယနိုင်ငံမှာ ဟိန္ဒူအမျိုးသားတဦးနဲ့ ချစ်ကြိုက်ခဲ့ပြီး တိတ်တိတ်ပုန်းလက်ထပ်ဖို့ ကြိုးစားခဲ့တဲ့ မွတ်ဆလင်အမျိုးသမီးတဦးကို ရွာသူရွာသားတွေက သစ်ပင်မှာ အချိန် ၅ နာရီကြာ ချည်နှောင်ထားခဲ့ပြီး ကြိမ်နဲ့ ရိုက်ကာ ပြစ်ဒဏ်ပေးခဲ့ကြပါတယ်။ ဒီအဖြစ်အပျက်ဟာ နိုင်ငံအရှေ့မြောက်ပိုင်း၊ ဂျိုဂျီရာမာရမ် ကျေးရွာတရွာထဲမှာ ဖြစ်ခဲ့တာလို့ မေရာသတင်းမှာ အောက်တိုဘာ ၈ ရက်နေ့က ဖော်ပြပါတယ်။ အသက် ၁၉ နှစ်အရွယ် အဲဒီမိန်းကလေးရဲ့ နာမည်ကိုတော့ ထုတ်ဖော်မပြောခဲ့ဘဲ သူဟာ ရူပက်ရှ်ကူးမားအမည်ရတဲ့ ဟိန္ဒူကောင်လေးနဲ့ အချိန် ၁၈ လထက်မနည်း ချစ်သူတွေအဖြစ် တွဲနေခဲ့ကြပြီးနောက်မှာ ရွာကနေ ထွက်ပြေးသွားခဲ့ကြတာလို့ ဆိုပါတယ်။ ကောင်မလေးရဲ့ မိသားစုဝင်တွေက ဒါကိုဖြိုခွဲဖို့ ကြိုးစားခဲ့အပြီးမှာ ခုလို အပြစ် ပေးခံခဲ့ရတာဖြစ်ပြီး ကျေးရွာကောင်စီလူကြီးတွေက မိန်းကလေးကို အသိုင်းအ၀ိုင်းအပေါ် မထီမဲ့မြင်ပြုစေမှုနဲ့ အပြစ်ပေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ မိန်းကလေးကတော့ သူ့အနေနဲ့ ဘယ်လိုအပြစ်ပေးမှုမဆို ခံယူဖို့ အသင့်ပဲလို့ သ တင်းထောက်တွေကို ပြောပါတယ်။ “ကျမ သူ့ကိုချစ်တယ်။ ဘာတွေဖြစ်ဖြစ် သူ့ကိုပဲလက်ထပ်မယ်။ ဘာသာရေးအရ၊ အနိမ့်အမြင့်တွေ ကျမ မယုံကြည်ပါဘူး။ ကျမအသက် ၁၉ နှစ်ရှိနေပါပြီ။ ဘယ်သူ့ကို လက်ထပ်သင့်တယ်။ ဘယ်သူ့ကိုတော့ လက်မထပ်သင့်ဘူးဆိုတာကို ကျမကောင်းကောင်း ဆုံးဖြတ်နိုင်ပါတယ်။” မိန်းကလေးရဲ့ မိသားစုဝင်တွေဟာ ကောင်လေးဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို ရှာဖွေဖို့ စုံစမ်းဖို့ ကြိုးစားခဲ့ကြပေမယ့် သမီးဖြစ်သူကတော့ ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ကျေးရွာထဲက အမျိုးသမီးကြီးတွေနဲ့ ကလေးငယ်တွေဟာ ဒီအပြစ်ပေးမှုကို ၀ိုင်းအုံကြည့်ရှုနေခဲ့ကြတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ ဒီအမှုဖြစ်စဉ်ဟာ ရှင်းရှင်းလင်းလင်း မသိရသေးဘဲ ကူးမားဟာလည်း ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up