Live
Home
မေးမြန်းခန်း
ရခိုင်ပဋိပက္ခ ဖြစ်ရပ်မှန်ပေါ်ပေါက်ရေး ကော်မရှင်ဖွဲ့လိုက်သည့်အပေါ် မေးမြန်းချက်
DVB
·
August 17, 2012
ရခိုင်ပြည်နယ်တွင်း ပြီးခဲ့တဲ့မေလနဲ့ ဇွန်လအတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ စပ်လျဉ်းပြီး ဖြစ်ရပ်မှန် ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ကို သမ္မတဦးသိန်းစိန် က ဒီနေ့ ဖွဲ့စည်းပေးလိုက်ကြောင်း သမ္မတရုံးဝက်ဘ်ဆိုက်မှာ ကြေညာထားပါတယ်။ စုံစမ်းစစ်ဆေးရေးကော်မရှင်အနေနဲ့ ပဋိပက္ခဖြစ်ရတဲ့ အကြောင်းရင်းတွေ၊ သေဆုံးဒဏ်ရာရ ပျက်စီးဆုံးရှုံးမှုတွေ၊ ကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်မှု အခြေအနေတွေ၊ ပဋိပက္ခချုပ်ငြိမ်းရေး ဆောင်ရွက်သင့်တဲ့ အချက်တွေ၊ ကွဲပြားတဲ့ဘာသာအယူရှိသူတွေနဲ့ မတူတဲ့ လူမျိုးတွေအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေနိုင်မယ့် နည်းလမ်းတွေ၊ ဥပဒေစိုးမိုးရေးနဲ့ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကြံပြုချက်တွေကို စုံစမ်းစစ်ဆေးပြီး စက်တင်ဘာ ၁၇ ရက်နေ့ အရောက် တိုက်ရိုက် အစီရင်ခံရမယ် လို့ ဖော်ပြထားပါတယ်။ ဒီအဖွဲ့မှာ အဖွဲ့ဝင် ၂၇ ဦး ပါဝင်ပါတယ်။ အခုလို စုံစမ်းရေးကော်မရှင်ဖွဲ့လိုက်တဲ့အပေါ် အဲဒီအဖွဲ့မှာ ပါဝင်တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်၊ ကိုဇာဂနာ၊ အမျိုးသားဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၊ မြန်မာမွတ်ဆလင် အမျိုးသားရေးရာအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကျော်ခင်တို့ကို မေးမြန်းထားပါတယ်။ ဦးခင်မောင်ဆွေ (အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ) “ကျနော်တို့က လွန်ခဲ့တဲ့ ၁၀ ရက်လောက်က မစ္စတာ ဗီဂျေနမ်ဘီးယားရဲ့ နိုင်ငံရေးအကြံပေး အမျိုးသမီးနဲ့ တွေ့ခဲ့တယ်။ ဒီတုန်းကလည်းပဲ ပါတီတော်တော်များများက ရခိုင်ကိစ္စနဲ့ ပတ်သက်ပြီးတော့၊ ကုလသမဂ္ဂရဲ့မစ္စတာ ကင်တားနားလာတာနဲ့ ပတ်သက်ပြီး သိပ်ပြီး ကျေကျေလည်လည် မရှိကြဘူး။ တချို့ဆိုရင် မစ္စတာ ကင်တာနားကို ပြောင်းပေးဖို့တောင် တောင်းဆိုကြတယ်။ ကျနော်တို့ကတော့ တိုင်းပြည်ရဲ့ အကျိုးစီးပွားနဲ့ တိုင်းရင်းသားများရဲ့ အခွင့်အရေး၊ ပြီးတော့မှ လူ့အခွင့်အရေးပေါ့။ နေရာဒေသ မျိုးစုံမှာရှိကြတဲ့၊ နယ်ပယ်အသီးသီးမှာရှိကြတဲ့ ဆိုင်ရာကိစ္စတွေကိုတော့ဖြင့် ပြည်တွင်းမှာအရင်ဆုံး ကိုင်တွယ်တာ ပိုကောင်းတယ်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့် မစ္စတာကင်တားနားက လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် တခုဖွဲ့သင့်တယ် ဆိုတာ ပြောတယ်၊ တောင်းဆိုတာ ကြားတော့ ကျနော်တို့က လက်မခံခဲ့ကြပါဘူး။ အများစု၊ ပါတီအားလုံးလိုလိုပါပဲ။ အခု ဒီကော်မရှင်ဟာ ပြည်တွင်းကနေပဲ ဒီကိစ္စတွေကို စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့တယ်ဆိုတာ ကြားတော့ ပြည်တွင်းကိစ္စတွေကို ပြည်တွင်းကပဲ ကိုင်တွယ်တာ ကောင်းတယ်လို့ ယူဆပါတယ်။ အားသာချက်တခု ဘာသွားတွေ့လဲဆိုတော့ မွတ်ဆလင်ဘာသာဝင် ဘုန်းတော်ကြီးတွေ၊ ခရစ်ယာန်တွေရော ပါနေတယ်ဆိုတော့ ကော်မရှင်ဟာ လူစုံတက်စုံပါတယ်လို့ ပြောရမှာပေါ့။နိုင်ငံရေးပါတီတွေထဲကပါတယ်၊ ကျောင်းသားခေါင်းဆောင်တွေပါတယ်။ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်ကြီးတွေလည်းပါတယ်ဆိုတော့ မျှတပြီးတော့ မှန်ကန်တဲ့ အမြင်တွေတော့ ဖြစ်ပေါ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော်တို့ကို ဒီလိုတာဝန်ပေးလာတဲ့ အတွက် ပေးအပ်တဲ့တာဝန်ကိုလည်း တိုင်းပြည်နဲ့ လူမျိုးအတွက် ဆောင်ရွက်သွားဖို့ရှိပါတယ်။ ဘယ်လိုဆောင်ရွက်မယ်ဆိုတာတော့ အသေးစိတ်မသိတဲ့အတွက် ဒီပေါ်မှာတော့ ဝေဖန်နိုင်ခြင်း မရှိပါဘူး။ နိုင်ငံတကာက ၀င်ရောက်စွက်ဖက်လာပြီးတော့ လာရောက်စစ်ဆေးတာထက်စာရင် ကိုယ့်တိုင်းပြည်ထဲမှာ ကိုယ့်ဘာသာ၊ ပုဂ္ဂိုလ်များအပါအ၀င်၊ ပညာရှင်များရော၊ နိုင်ငံရေးပါတီများရော၊ အဖွဲ့အစည်းအသီးသီးက ပုဂ္ဂိုလ်များပါဝင်တာ ပိုပြီး သင့်တင့်လျောက်ပတ်တယ်လို့ ထင်မြင်ပါတယ်။” ဦးကျော်ခင် (မြန်မာမွတ်ဆလင်အမျိုးသားရေးရာအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး) “သမ္မတကြီးကနေ ကျနော်တို့ ကော်မရှင်ကို သေသေချာချာ လုပ်ပိုင်ခွင့်နဲ့ ဆောင်ရွက်ခွင့်ပေးမယ် ဆိုရင် အင်မတန်မှ ကောင်းပါတယ်။ ဒီလို စုံစမ်းစစ်ဆေးရေး ကော်မရှင်က ဘယ်ခေတ်ကမှ မရှိခဲ့ဖူးပါဘူး။ ဒီလို အမြော်အမြင်ရှိရှိနဲ့ လုပ်ခွင့်ပေးတာက အင်မတန်မှ ကောင်းပါတယ်။ တကယ်လို့များ ဒီကိစ္စကို လွတ်လွတ်လပ်လပ်နဲ့ စုံစမ်းဖော်ထုတ်ပေးကြမယ်ဆိုရင် ရခိုင်ပြည်နယ်အတွက် အကောင်းဆုံး ဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။ အဖွဲ့အစည်းကလည်း ဖွဲ့ပြီးပေမယ့် အစည်းအဝေးတွေ မထိုင်ရသေးဘူးဆိုတော့ လိုအပ်ချက်ရှိရင်တော့ တင်ပြပြီး အချိန်ပြန်ယူရမှာပေါ့လေ။ ဘာသာရေးခေါင်းဆောင်မျိုး ဆိုတာထက် နိုင်ငံက နိုင်ငံသားတယောက်ပေါ့။ ကျနော်ကတော့ နှစ်ဖက်နှစ်လမ်းပေါ့။ နိုင်ငံသား အခွင့်အရေးနဲ့ တင်ပြဆွေးနွေးခွင့်ရမယ်။ ဘာသာရေးနဲ့ ပတ်သက်ပြီး တင်ပြခွင့်ရမယ့် အတွက် ကျနော်တို့လို ဘာသာရေးခေါင်းဆောင်တွေ ပါဝင်ခွင့်ရတာ ကောင်းတယ်လို့ ယူဆပါတယ်။” ဒေါက်တာ အေးမောင် (ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ) “ကျနော်ကတော့ ကော်မရှင်မှာ ပါတယ်လို့ ခုနက ပြောမှ သိရတာ။ ကျန်တာတော့ ဘာမှ မသိသေးဘူးဗျ။ လွတ်လပ်တဲ့ စုံစမ်းရေး ကော်မရှင်ကို မြန်မာပြည်သားများ ဘာသာစုံ၊ ပါတီစုံ၊ ကဏ္ဍစုံက ပါတယ်ဆိုတော့ ကျနော်တို့က ၀မ်းပမ်းတသာ ကြိုဆိုပါတယ်။ ပြည်ပက စုံစမ်းရေးကော်မရှင်ဖွဲပါလို့ တောင်းဆိုတဲ့ဟာက ပြည်တွင်းမှာ ရှိတဲ့ ပုဂ္ဂိုလ်တွေမှလည်း ဘာသာစုံပါတဲ့ အဖွဲ့ ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးတယ်ဆိုတာ ကောင်းတဲ့ ရည်ရွယ်ချက်ပါ။ ကျနော်တို့ ကော်မရှင်ကလည်းပဲ အဖြစ်မှန်တွေကို တိတိကျကျ တင်ပြနိုင်မယ်လို့ ယူဆပါတယ်။” ကိုဇာဂနာ “ကျနော့်ကို နဂိုကတည်းကိုက အကြောင်းကြားထားပါတယ်။ သမ္မတကနေ ကျနော့်ကို လွတ်လပ်ပွင့်လင်းတဲ့ ကော်မရှင်တခုမှာ ပါဝင်လုပ်ဆောင်ဖို့ ကမ်းလှမ်းတဲ့အခါမှာ ကျနော်အနေနဲ့ တခုပဲ တောင်းဆိုတယ်။ တကယ်ပဲ လွတ်လပ်ပွင့်လင်းတာမျိုးပဲ ဖြစ်ချင်တယ်။ ဟိုလူဝင်စွက်ဖက်၊ ဒီလူဝင်စွက်ဖက်၊ ဟိုလူ့မျက်နှာထောက်ရ၊ ဒီလူမျက်နှာထောက်ရ ဆိုရင်တော့ ကျနော်မပါချင်ဘူးလို့ ပြောတယ်။ ကျနော်တို့ကို ဘာမှ ကန့်လန့်လိုက်ပြီး ရှုပ်တာမျိုး မလုပ်ပါဘူးလို့ ပြောတယ်။ ပါတဲ့သူတွေကလည်း ကျနော်တို့ သူငယ်ချင်းတွေချည်းပဲလေ။ ကျနော်တို့ တမျိုးသားလုံးနဲ့ ဆိုင်တဲ့ကိစ္စလို့ ယူဆတဲ့အတွက် ဒီကိစ္စကို ကျနော် တာဝန်တခုအနေနဲ့ ယူသင့်တယ်လို့ ခံယူပါတယ်။ ကျနော်က မြန်မာနိုင်ငံသား တယောက်ဖြစ်တဲ့အတွက်လည်း ကျနော်တို့ မြန်မာနိုင်ငံထဲမှာရှိတဲ့ တိုင်းရင်းဒေသမှာ ဖြစ်တဲ့ ပြဿနာ ကချင်မှာပဲဖြစ်ဖြစ်၊ ရခိုင်မှာပဲ ဖြစ်ဖြစ်၊ ရှမ်းမှာပဲ ဖြစ်ဖြစ် ကျနော်အတတ်နိုင်ဆုံး ပါဝင်သင့်တယ်လို့ ယူဆလို့ အဲဒီနာမည်စာရင်း တင်သွင်းတာကို ကျနော်လက်ခံခဲ့တာပါ။ ကျနော့်ဘက်ကတော့ လုပ်ငန်းစတင်ဖို့ အတွက် အတတ်နိုင်ဆုံး လေ့လာနေပါပြီ။”

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024