လက်ဝှေ့ပွဲကြည့်ပြီး ပြန်လာသည့် သားအဖ ၂ ဦး ခိုက်ရန်ဖြစ်ပွား၊ ဖခင်ဖြစ်သူ သေဆုံး
DVB
·
October 8, 2018
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ယင်းခဲကျေးရွာမှာ အောက်တိုဘာလ ၇ ရက်ညအချိန်က သားအဖနှစ်ဦး ခိုက်ရန်ဖြစ်ပွားရာမှ ဖခင်ဖြစ်သူ သေဆုံးခဲ့တယ်လို့ ကသာမြို့မ စခန်းမှူး ဒုရဲမှူး ဉာဏ်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။
သားအဖ ၂ ဦးဟာ TV Channel က ထုတ်လွှင့်ပြသတဲ့ လက်ဝှေ့ပွဲကို တရွာတည်းနေ အမျိုးတွေအိမ်မှာ အတူသွားရောက်ကြည့်ရှုခဲ့ကြပြီး ပြန်လာစဉ်လမ်းမှာ အခုလိုခိုက်ရန် ဖြစ်ပွားခဲ့တာလို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
သားအဖ ၂ ဦး အပြန်အလှန် လုံးထွေးသတ်ပုတ်ခိုက်ရန်ဖြစ်ပွားခဲ့ပြီး သားဖြစ်သူက အသင့်ပါလာတဲ့ အရိုးသွား ၁ ပေ ခန့် ဆောင်ဓားနဲ့ ထိုးလိုက်တဲ့အတွက် အဖေဖြစ်သူညာဘက် ဝမ်းဗိုက် ၁ လက်မလောက် ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဦးခေါင်း ဝဲဘက် ၂ လက်မလောက် ပေါက်ပြဲဒဏ်ရာ ၂ ချက် ရရှိခဲ့ပြီး သေဆုံးသွားခဲ့တာပါ။
သေဆုံးသွားခဲ့တာနဲ့ ပတ်သက်ပြီး သားဖြစ်သူ အောင်သန်းဝင်းကို (ပ) ၃၅၁/ ၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ နဲ့ ကသာမြို့မ စခန်းက အမှုဖွင့် အရေးယူထားပါတယ်။
သတင်း - သီဟဆွေ (ကသာ)