Home
မေးမြန်းခန်း
ကေအန်ယူ မတက်ဘူးဆိုလည်း ကျန်တဲ့သူတွေတက်မှာပဲ - ဗိုလ်မှူးကြီးခွန်ဥက္ကာ
အောင်သူ
·
October 8, 2018
လာမယ့် အောက်တိုဘာ ၁၅ ရက် ပုပ္ပါးမှာ ကျင်းပမယ့် ငြိမ်းချမ်းရေး ထိပ်သီး ဆွေးနွေးပွဲနေ့ရက်ကို ပြန်ညှိနှိုင်းသွားဖို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က ကြေညာချက်ထုတ်ပြန် ထောင်းဆိုထားပါတယ်။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) သုံးနှစ်ပြည့်ပွဲနဲ့ ငြိမ်းချမ်းရေး ထိပ်သီးအစည်းအဝေးကို ကာကွယ်ရေးဦးစီးချုပ်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ တက်ရောက်မှာဖြစ်ပြီး အန်စီအေလက်မှတ် ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေလည်း တက်ရောက်ဖို့ အစိုးရက ဖိတ်ကြားထားတာပါ။ အပစ်ရပ်အဖွဲ့တဖွဲ့ဖြစ်တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာကတော့ ကေအန်ယူ မတက်ပေမယ့် ကျန်တဲ့အဖွဲ့တွေ တက်ရောက်မှာဖြစ်တယ်၊   အချိန်ထပ်ဆွဲလေ အခက်ခဲ ပိုများလေပဲဖြစ်တယ်လို့ ဒီဗွီဘီနဲ့ သီးသန့်မေးမြန်းရာမှာ ပြောပါတယ်။ မေး - အောက်တိုဘာ ၁၅ ရက် တွေ့ဆုံမယ့်နေ့ကို ကေအန်ယူဘက်က ပြန်ညှိနှိုင်းမယ်လို့ ထုတ်ပြန်ထားတော့ ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံမယ့်ရက်က ပြောင်းလဲသွား နိုင်ပါသလား။ ခွန်ဥက္ကာ - မရှိဘူးဗျာ။ ကေအန်ယူထုတ်ပြန်တာ  ကေအန်ယူကိစ္စဖြစ်တော့ ကေအန်ယူ မတက်ဘူးဆိုလည်း ကျန်တဲ့သူတွေတက်မှာပဲ။ အခု အခင်းအကျင်းက ဘာနဲ့တူလဲဆိုတော့  အန်စီအေ လက်မှတ်ထိုးတဲ့ အခင်းအကျင်းနဲ့တူတယ်။ အန်စီအေတုန်းကလည်း သမ္မတကြီး ဦးသိန်းစိန်က ၁၅ ဖွဲ့၊ ၁၆ ဖွဲ့ဖိတ်တယ်။ ဖိတ်တဲ့အခါမှာ အဲဒီအဖွဲ့တွေထဲက ၁ ဖွဲ့လာလည်းထိုးမယ်၊ ၅ ဖွဲ့လာလည်းထိုးမယ်ဆိုတော့ နောက်ဆုံးတော့ ကျနော်တို့ ၈ ဖွဲ့နဲ့ ထိုးဖြစ်တာပေါ့။ အဲဒီလိုပါပဲ၊ ကျနော်တို့က ၁၀ ဖွဲ့ဖိတ်ထားတယ်ဗျာ၊ တဖွဲ့ချင်း အခုလောလောဆယ် အဲဒီအထဲက ၆ ဖွဲ့တက်လည်း နိုင်ငံတော်အကြီးအကဲတွေ ဖိတ်ထားတဲ့ပွဲဆိုတော့ ကျနော်တို့က လေးစားရမယ်လေ။ ရှိတဲ့သူတက်မှာပဲ။ ကျနော်တို့ကတော့တက်ဖို့ ကျနော်တို့အဖွဲ့အစည်းနဲ့ ပအိုဝ်းအမျိုးသားထု ကတော့ ထောက်ခံထားတယ်။ အဲဒါကြောင့် ကျနော်တို့ကတော့ တက်မယ်။ ကေအန်ယူရဲ့ သဘောထားက တခြမ်းပဲ့လား။ အပြည့်စုံလားဆိုတာတော့ ကျနော်မသိ ဘူးလေ။ သူတို့သဘောထားကတော့ သူတို့ထုတ်ခွင့်ရှိပါတယ်။ အများစုကတော့ တက်မယ်လို့ ပြောထားတာကိုး။ ကျနော်တို့ ပြန်စိစစ်တာပေါ့။ မေး - PPST အစည်းအဝေးမှာတုန်းက အဲဒီတွေ့ဆုံမယ့်ကိစ္စကို ဆွေးနွေးခဲ့ကြတာရှိလား။ ဖြေ - ဆွေးနွေးခဲ့တယ်ဗျာ။ လွန်ခဲ့တဲ့အရင်တစ်ပတ်ပေါ့ ၁၀+၁၀ ကိုထောက်ခံတယ် ဒါကို ဆွေးနွေးဖို့ အကြိုအဖွဲ့သွားပါ။ ၁၀ ဖွဲ့ချင်းတွေ့မယ်လို့ပြောပြီးသား။ နောက်ပြီး နှစ်ပတ်လည်နေ့မှာ ပူးပေါင်းလုပ်မယ်ပေါ့ဗျာ။ အခု ကေအန်ယူက အဲဒီဆွေးနွေးချက် နှစ် ခုစလုံး ရှိတဲ့ဟာကို ပဒိုကွယ်ထူးဦးဆောင်တဲ့ အလွတ်သဘောဆွေးနွေးရေးအဖွဲ့ကလည်း ထောက်ခံတယ်။ PPST အရင်အစည်းအဝေးကလည်း ဆုံးဖြတ်တယ်။ နှစ်ခုစလုံးကို ကေအန်ယူ တဖွဲ့တည်းက ရက်ကိုပြန်သုံးသပ်မယ်ဆိုတာကတော့ ကျန်တဲ့အဖွဲ့တွေကို ဂရုမစိုက်သလို ဖြစ်တာပေါ့ဗျာ။ ဒါကတော့ သူ့တဖွဲ့တည်း အခြေအနေကို ပြောတာပေါ့။ ကိစ္စမရှိပါဘူး၊ ကျန်တဲ့အဖွဲ့တွေကလည်း ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နဲ့ ကိုယ်သွားကြမှာပဲ။ မေး - အရင်တုန်းက ခေါင်းဆောင်ပိုင်းတွေ တွေ့ဆုံပြောဆိုကြတာရှိတော့ အခုလို တွေ့ကြတော့မယ်ဆိုတဲ့အချိန်မှာမှ အခုလိုရက်ကို ပြန်ညှိဖို့ ထွက်လာတော့ ဒါရဲ့သက်ရောက်မှုက ဘယ်လောက်ရှိမလဲ။ မရှိပါဘူး။ ကေအန်ယူအတွင်းမှာရှိနေတဲ့ ပြဿနာကို သူက Highlight လုပ်တာပါ။ ဘာကြောင့်လဲဆိုတော့ ပဒိုစောကွယ်ထူးဝင်း ဒု ဥက္ကဋ္ဌ ဦးဆောင်ပြီးတော့ အကြိုဆွေးနွေးပွဲလုပ်တယ်လေ။ အောက်တိုဘာ ၁ ရက်နဲ့ ၂ ရက် တွေ့တုန်းကတော့ ၉ ဖွဲ့ကတော့ ထောက်ခံပြီ။ RCSS တဖွဲ့ကတော့ စဉ်းစားတုန်းပဲပေါ့။ ၉ ဖွဲ့ ၁ ဖွဲ့ အခြေနေမျိုးမှာ သဘောတူခဲ့တော့ အစိုးရကလည်း ဖိတ်စာထုတ်တာပေါ့ဗျာ။ အဲဒါကြောင့် ကျနော်တို့ သဘောတူခဲ့တော့ အခုကျတော့ ၉ ဖွဲ့ ၁ ဖွဲ့မဟုတ်တော့ဘူး၊ ကေအန်ယူတဖွဲ့ကပဲ လေသံပြောင်းလာတဲ့ အခါကျတော့ နည်းနည်းလေးတော့ ရှင်းရှင်းပြောရရင်လေ မူလသုံးသပ်ခဲ့ တာတွေကို ပြန်ပြီးတော့ ခြေဖျက်သလို ဖြစ်တာပေါ့ဗျာ။ ဒါကတော့ သူတို့အဖွဲ့အနေထားတော့ ကျနော်မသိဘူးလေ။ သူတို့ကိုမေးမှရမယ်။ ကျနော်တို့က တော့ အဲလိုတော့မဖြစ်စေချင်ဘူး။ မေး - ဒီဆွေးနွေးပွဲက ခွဲမထွက်ရေး ကိစ္စတွေလည်း ဆွေးနွေးကြမယ်ဆိုတော့ ရလဒ် ဘယ်လောက် ကောင်းနိုင်မယ်ထင်လဲခင်ဗျ။ ဖြေ - ရလဒ်ကတော့ ချက်ချင်း လက်ငင်းထွက်ဖို့တော့မရှိဘူး။ ဒါပေမယ့် အဲဒီလို ခေါင်းဆောင်ပိုင်း ထိပ်သီးချင်းတွေ့တယ်ဆိုတော့ ယုံကြည်မှု တည်ဆောက်နိုင်တာပေါ့ဗျာ။ အပြန်လှန်လေးစားမှု၊ ယုံကြည်မှု တည်ဆောက်တဲ့အခါမှာ ဆွေးနွေးသွားရင်တော့ ကျနော်တို့ တစ်ဆို့နေတဲ့ ပြဿနာတွေကို အဖြေရှာနိုင်တာပေါ့။ လုံးဝမတွေ့ဘူးဆိုရင်တော့ ပိုခက်ခဲပြီး ပိုအလှမ်းဝေးသွားတာပေါ့။ မေး - အန်စီအေကို ပြန်သုံးသပ်ဖို့ တောင်းဆိုထားတာရှိတော့ အဲဒီကိစ္စ ဘယ်လို အခြေနေရှိလာနိုင်လဲခင်ဗျ ဖြေ - ပြန်သုံးသပ်ဖို့ကလဲ ထိပ်သီးကပဲ လမ်းဖွင့်သွားမှာပေါ့ဗျာ။ ပြန်သုံးသပ်ဖို့ လုပ်နေတာလဲကြာပါပြီ အဆင်သင့်မဖြစ်ဘူးဆိုရင်လဲ ဘယ်တော့မှဖြစ်မှာလဲ မဟုတ်တော့ဘူးလေ။ အဲဒါကြောင့်တွေ့ဆုံပြီးတော့ ဖြတ်လိုက်တာက ပိုပြီးတော့ အဖြေရဖို့ နီးစပ်ပါတယ်။ အချိန်ထပ်ဆွဲလို့ ပိုဝေးကွာလေပဲ။ ဒါသေချာတယ်။ အချိန်ဆွဲဖို့လုပ်တဲ့ သဘောထားကိုတော့ ကျနော်တို့ သေချာတော့မသိရဘူးပေါ့။ ဒါပေမယ့် အချိန်ထပ်ဆွဲလေ အခက်ခဲပိုများလေဆိုတာကိုတော့ ကျနော်တို့  တွက်လို့ရပါတယ်။” မေး - အန်စီအေ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေရဲ့ အနာဂတ်၊ အန်စီအေအပေါ် ရှုမြင်ပုံတွေက ကွဲလွဲမှုတွေ ရှိပါသလားခင်ဗျာ။ ဖြေ - “မရှိပါဘူးဗျာ။ မရှိပါဘူး။ အန်စီအေထိုးခဲ့တဲ့အဖွဲ့တွေကတော့ အန်စီအေအပေါ်မှာ အခိုင်အမာရပ်တည်ပြီးတော့ အရှေ့ လျှောက်လှမ်းမှာပဲ။ ဒါပေမယ့်  အန်စီအေ ထိုးထားသော်လည်းပဲ ပြောလို့လဲမကောင်းဘူးပေါ့ဗျာ။ အန်စီအေကို အမြတ်ထုတ်ဖို့ စဉ်းစားတဲ့သူရှိရင်တော့ အန်စီအေအတွက် အလားအလာမကောင်းဘူးပေါ့။ ဘာမှတော့ စွပ်စွဲပြောဆို တာတော့မဟုတ်ပါဘူး။ အမြတ်ထုတ်တဲ့ဟာရှိရင် ဒါကတော့ အလုပ်မဖြစ်ဘူးပေါ့။ အဲဒါပါပဲ။ မေး - အန်စီအေ လက်မှတ် ထိုးထားပေမယ့် ထိုးထားတဲ့အဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေပြန်ဖြစ်လာတော့ အဲဒီအပေါ်ဘယ်လိုမြင်လဲခင်ဗျာ။ ဖြေ - အန်စီအေကိုသဘောမပေါက်တာပါ။  အန်စီအေရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်တို့၊ အန်စီအေကို သဘောမပေါက်တဲ့အခါကျတော့  အန်စီအေမှာ သတ်မှတ်တဲ့ ဥပမာဗျာ အပစ်ရပ် နယ်မြေဆိုသည်မှာ ဘာလဲဆိုတာကို သတ်မှတ်တာကို သိပ်နားမလည်တဲ့အခါကျတော့ သတ်မှတ်ချင်သလို သတ်မှတ်ကြတာပေါ့။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ သတ်မှတ်တဲ့အခါကျတာ့ တချို့ အဲဒီမှာ နယ်မြေအရသော်လည်းကောင်း၊ လူအင်အားအရသော်လည်းကောင်း  ရန်ပုံငွေအရ သော်လည်းကောင်း အန်စီအေကိုအသုံးပြုပြီးတော့ အလွဲအသုံးပြုပြီးတော့ စဉ်းစားတက်တဲ့ ပုံစံတွေလည်း ရှိတတ်တာကိုးဗျာ။ အဲဒါကြောင့် တချို့ လက်မှတ်ထိုးပြီးသော်လည်း အန်စီအေကို လိုက်နာမှုက သူ့အဓိပ္ပာယ်နဲ့ဖြစ်နေရင်တော့ အခက်ခဲဖြစ်တတ်တာပေါ့။” မေး  - လာမယ့် ထိပ်သီးဆွေးနွေးပွဲမှာ အန်စီအေလက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေလည်း ပါလာဖို့ဆိုတဲ့ ပြောဆိုမှုတွေလည်း ကြားနေရတော့  အဲဒါအဆင်ပြေနိုင်ပါ့မလား။ ဖြေ - မဖြစ်နိုင်ပါဘူးဗျာ။ တစ်ဆင့်ပြီး တစ်ဆင့်ပဲရမယ်။ တပြိုင်နက်ထဲပါလို့တော့ မရဘူး။ ဘာကြောင့်လဲဆိုတော့ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေ အချင်းချင်းကြားမှာ ဆွေးနွေးရမယ့်ဟာ။ တပ်မတော်အစိုးရနဲ့ ဖြေရှင်းရမယ့်ဟာ တွေရှိပါတယ်။ အဲဒါပြီးမှ မထိုးရသေးတဲ့အဖွဲ့တွေ အဆင့်လာမှာ။ တခါတည်းနဲ့ ရောမွေလိုက်ရင်ဘယ်မှ မရောက်ဘဲနဲ့ အဖြေလည်း ရမှာမဟုတ်ဘူး။ မထိုးရသေးတဲ့သူကလည်း သူလိုလားချက် သူ့အကျိုးစီးပွား အဓိပ္ပာယ်တမျိုး လေဗျာ။ ထိုးထားတဲ့သူကလည်း လိုက်နာစောင့်ထိန်းရမယ့် အဓိပ္ပာယ်တမျိုးလေဗျာ၊ ဒါမတူတော့ဘူးလေ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024