Live
Home
ဆောင်းပါး
အမျိုးသမီးလေးဆယ် စကားဝိုင်း
ရွှေအောင်
·
October 8, 2018
ရန်ကုန်၊ တာမွေမြို့နယ်၊ ဖိုးစိန်လမ်းထဲကဟိုတယ်တခုရဲ့ ခန်းမငယ်တခုထဲမှာ ကရင်၊ မွန်၊ ရှမ်း၊ ပအိုဝ်းတဲ့ တိုင်းရင်းသားဝတ်စုံတွေ ၀တ်ဆင်ထားကြတဲ့ တိုင်းရင်းသူတွေ ကော်ဖီသောက်ရင်း စကားစမြည်ပြောဆိုနေကြတယ်။ တိုင်းရင်းသူတွေရဲ့ မြန်မာစကားသံက ပေါ့ပေါ့ပါးပါးနဲ့ နားထဲတမျိုးဆန်းပြီး သူတို့အချင်းချင်းစကားပြောသံတွေက ခန်းမထဲညံနေတယ်။ သူတို့တွေ ကော်ဖီသောက်ရင်းပြော ဆိုနေကြတဲ့ အကြောင်းအရာတွေထဲမှာ တိုက်ပွဲဆိုတာလည်း ပါတယ်။ ပေါ်တာဆွဲဆိုတာ လည်းပါတယ်။ ကေအန်ယူတွေ စီအန်အက်ဖ်၊ အာစီအက်စ်အက်စ် ဆိုတဲ့ ပြောဆိုသံတွေလည်းကြားရပြီး မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို စိတ်မ၀င်စားတဲ့ သာမန်ပြည်သူတွေဆို ဘာတွေပြောနေကြပါလိမ့်ဆိုပြီး အထူးအဆန်းဖြစ်သွားနိုင်တယ်။ ကော်ဖီသောက်ချိန်ပြီးသွားတော့ သူတို့အားလုံး အနီးက ခန်းမထဲတိုးဝင်သွားကြပြီး အဲ့ဒီခန်းမ တံခါးပိတ်သွားတော့ စောစောက စကားပြောသံတွေပါ တပါတည်း ပျောက်ကွယ်သွား တော့တယ်။ တိုင်းရင်းသူအမျိုးသမီး လေးဆယ်တိတိ ဖိုးစိန်လမ်းက ဟိုတယ်တခုရဲ့ခန်းမတခုမှာ လာရောက်စုဝေးပြောဆို ဆွေးနွေးနေကြတာဖြစ်ပြီး သူတို့အားလုံးဟာ တနိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးစာချုပ်မှာ ပါဝင်လက်မှတ်ထိုးထားကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်ဆယ်ဖွဲ့က အမျိုးသမီးကိုယ်စားလှယ်တွေလည်း ဖြစ်တယ်။ အပစ်ရပ်လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်တော်လျန်ရေးတပ်ဖွဲ့ ၁၀ခုဖြစ်တဲ့   ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၊ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်ဖွဲ့ (ဒီကေဘီအေ)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (ကေအန်အယ်လ်အေ-ပီစီ)၊ ချင်းအမျိုးသားတပ်ဦး (စီအန်အက်ဖ်)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (ပီအန်အယ်လ်အို) စတဲ့ တပ်ဖွဲ့တွေက တဖွဲ့ကို အမျိုးသမီးကိုယ်စားလှယ်လေးဦးပါ အမျိုးသမီး လေးဆယ်ဟာ ဖိုးစိန်လမ်းကဟိုတယ်မှာ လာရောက်စုဝေးပြီး ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေ အခုထက်ပိုမိုပါဝင်နိုင်ဖို့ နည်းလမ်းရှာဆွေးနွေးကြတာဖြစ်တယ်။ "ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများ၏ ပါဝင်မှုနှင့် ခေါင်းဆောင်မှုမြင့်မားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ"လို့ အမည်ပေးထားတဲ့ ဆွေးနွေးပွဲကို စက်တင်ဘာ ၂၆ ရက်ကနေ ၂၉ ရက်အထိ လေးရက်ကြာ ကျင်းပခဲ့တာဖြစ်တယ်။ ဆွေးနွေးပွဲမှာ လာစုစည်းခဲ့ကြတဲ့ အမျိုးသမီးအယောက်လေးဆယ်ထဲမှာ အရွယ်အားဖြင့် နှစ်ဆယ်ကျော်ကနေ အသက် ၅၀ ကျော်အထိပါဝင်ပြီး ဖြတ်သန်းမှုမတူညီကြသူတွေလည်း ပါဝင်တယ်။ တချို့က တိုင်းရင်းသားတပ်ဖွဲ့ရဲ့ ဗဟိုအလုပ်အမှုဆောင်ဖြစ်ပြီး တချို့က တိုင်းရင်းသားတပ်ဖွဲ့တို့ရဲ့ နည်းပညာအကြံပေးတွေဖြစ်တယ်။ တူညီတာတခုကတော့ သူတို့အားလုံးရဲ့ လိုလားချက်ဖြစ်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးထု အခုထက် ပိုမိုပါဝင်နိုင်ရေး ၀ိုင်းဝန်းအဖြေရှာကြတာပဲဖြစ်တယ်။ အမျိုးသမီးလေးဆယ်ရဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ  လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးများ ပါဝင်မှုအခြေအနေနဲ့ အမျိုးသမီးများရဲ့ ပါဝင်မှုအရေးကြီးပုံကို  ရှင်းလင်းတင်ပြတာ၊ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်မှာ ထဲထဲဝင်ဝင် ပါဝင်နေတဲ့ အမျိုးသမီးများရဲ့ အတွေ့အကြုံများအပေါ်မူတည်ပြီး အမျိုးသမီးများရဲ့ ပါဝင်မှု အခန်းကဏ္ဍနဲ့ အရေးပါမှုတွေကို တိုးမြှင့်လုပ်ဆောင်နိုင်မယ့် နည်းလမ်တွေ ရှာဖွေဖော်ထုတ်နိုင်ဖို့ ရှင်းလင်းတင်ပြတာ၊  ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ရေးကော်မတီက ကိုယ်စားလှယ်တွေက သူတို့ရဲ့ အတွေ့အကြုံတွေ စိန်ခေါ်မှုတွေ ပါဝင်နေတဲ့ ကဏ္ဍ၊ နေရာ စတဲ့ အခြေအနေ အရပ်ရပ်ကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာတဲ့ အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်တွေနဲ့ အပြန်အလှန်ဆွေးနွေးတာတွေ လုပ်ခဲ့ကြတယ်။ အဓိကကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမျိုးသမီးများပါဝင်မှု နည်းပါးနေတဲ့ အခြေအနေမှာ အရည်အချင်းပြည့်မီတဲ့ အမျိုးသမီးများ မွေးထုတ်ဖို့ ဦးတည်ပြီး အပစ်ရပ်ဆယ်ဖွဲ့က  အမျိုးသမီးကိုယ်စားလှယ်တွေ ပထမဆုံးတွေ့ဆုံဆွေး နွေးကြတာဖြစ်တယ်။ အလားတူဆွေးနွေးပွဲတွေကို နောင် ငါးကြမ်ထိပြုလုပ်သွားမယ်လို့လည်းသိရတယ်။ အလုပ်ရုံဆွေးနွေးပွဲ ဦးဆောင်ကျင်းပသူ ကျောင်းသားတပ်မတော် ABSDF က  မိဆူးပွင့်က ‘‘ကျမတို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကစပြီးတော့ အမျိုးသမီးတွေ ပိုမို ပါဝင်လာပြီးတော့ အဓိပ္ပာယ်ပြည့်ဝတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တခုအဖြစ် ရှေ့ဆက်အင်အားတွေ ဖြည့် ဆည်းပေးနိုင်ဖို့အတွက် ဘယ်လို အစီအစဉ်တွေ ချမှတ်ဆောင်ရွက်ကြမလဲဆိုတာ တိုင်ပင်ရင်းနဲ့ အခု အစီအစဉ်ဖြစ်ပေါ်လာတာ’’လို့ ဖွင့်ပွဲနေ့က မီဒီယာတွေကို ပြောခဲ့တယ်။ အလုပ်ရုံဆွေးနွေးပွဲတက်လာတဲ့ အမျိုသမီးလေးဆယ်ထဲက ဆယ်ယောက်လောက်နဲ့ သူတို့ ကော်ဖီသောက်နာနေချိန်မှာ စကားပြောကြည့်တော့ နေထိုင်ရာဒေသနဲ့ ဘာသာစကားသာ ကွဲပြားတယ်၊ သူတို့အားလုံးရင်ဆိုင်နေရတဲ့ စိန်ခေါ်ချက်တွေက တူညီနေတယ်လို့ ပြောကြတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေ အားတက်သရော ပါဝင်လိုကြပေမယ့် ဘာသာစကား၊ ထုံတမ်းစဉ်လာ၊ အတွေးအခေါ်ဟောင်းတွေက အမျိုးသမီးတွေကို နောက်ပြန်ဆွဲချနေကြတယ်လို့ သူတို့ရင်ဖွင့်တယ်။ အမျိုးသမီးတွေဖြစ်လို့ နေရာဒေသတိုင်းသွားလာလို့ မသင့်တော်ဘူးဆိုတဲ့အချက်ကလည်း သူတို့ကို ဟန့်တားထားပြန်တယ်။ မိသားစုအရေးဆိုတာကတော့ သူတို့အတွက် အရေးပါဆုံးဖြစ်နေပြီး ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ချင်ပေမယ့် ပါဝင်ချင်တိုင်း ပါဝင်ခွင့်မရအောင် မိသားစုအရေးက ရှိနေတယ်။ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးမှာ ပီအိတ်ခ်ျဒီ ပါရဂူဘွဲ့ရလောက်အောင် တစိုက်မတ်မတ် ပါဝင်ခဲ့တဲ့ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးက အလုပ်အမှု ဆောင်အမျိုးသမီးကြီးတဦးက သူတို့ အဖွဲ့အစည်းဟာ မကြာသေးခင်က အမျိုးသမီး ၃၀ ရာခိုင်နှုန်းပါဝင်ဖို့ သဘောပေါက်လက်ခံခဲ့ပေမယ့် ဗဟိုကော်မတီဝင် ၅၅ ဦးမှာ အမျိုးသမီး ၅ ဦးပဲ ပါဝင်ခွင့်ရသေးတာကို ထောက်ပြသွားခဲ့တယ်။ ကလေးတဖက်နဲ့ အလုပ်ရုံဆွေးနွေးပွဲ လာတက်သွားတဲ့ အာစီအက်စ်အက်စ် ရှမ်းတပ်ဖွဲ့က နည်းပညာအကြံပေးအမျိုးသမီးကို သူတို့နယ်မြေထဲ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း ပစ်ခတ်တိုက်ခိုက်နေကြတာ ၀င်ရောက်ညှိနှိုင်းဆွေးနွေးတာ မလုပ်ဘူးလားလို့ မေးကြည့်တော့ JMC-U လို့ခေါ်တဲ့ ပြည်နယ်အဆင့်အပစ်အခတ်ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဖွဲ့ရသေးဘူးလို့ ဆိုတယ်။ ချင်းအမျိုးသားတပ်ဦးက ဗဟိုကော်မတီဝင်အမျိုးသမီးတယောက်ကတော့ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အန်စီအေ အပစ်ရပ်စာချုပ်မှတပါး တခြားနည်းလမ်း မရှိဘူးလို့ အခိုင်အမာ ပြောသွားတယ်။ မွန်ပြည်သစ်ပါတီကိုယ်စားပြုအမျိုးသမီးတဦးကတော့ သူတို့က စာချုပ်မှာ လက်မှတ်ထိုးပါဝင်တာ နောက်ကျတော့ တချို့အပိုင်းတွေမှာ ခုန်ပျံကျော်လွှားပြီး အမီလိုက်ရတာ မလွယ်ဘူးလို့ ဆိုသွားပြန်တယ်။ အမျိုးသမီးလေးဆယ်ဟာ လေးရက်ကြာ အလုပ်ရုံးဆွေးနွေးပွဲမှာ တက်တက်ကြွကြွ ပါဝင်ဆွေးနွေးသွားကြပြီး သူတို့ ဆွေးနွေးပွဲကို ပြည်သူလူထု သိမြင်ခွင့်ရရင် တိုင်းရင်းသားတို့ လိုလားချက်တွေ နားလည်သဘောပေါက်ကြမယ်။ သူတို့ဘာလို့ လက်နက်ကိုင်နေကြတာလဲဆိုတာ စာနာနားလည်လာကြနိုင်တယ်လို့ အတွေးရောက်တယ်။ အန်စီအေ အပစ်ရပ်စာချုပ်ရရှိရေး ညှိနှိုင်းစဉ်ကတည်းက ငြိမ်းချမ်းရေးလုပ် ငန်းစဉ်မှာ အမျိုးသမီး ၃၀ ရာခိုင်နှုန်းပါဝင်ရေး တိုင်းရင်းသားအဖွဲ့တွေက အဆိုပြုပြီး အစိုးရကလက်ခံခဲ့ပေမယ့်  ပြီးခဲ့တဲ့ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးမှာ အမျိုးသမီးပါဝင်မှု ၂၂ ရာခိုင်နှုန်းပဲ ရှိသေးတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024