Home
မြန်မာသတင်း
ခုံးကောင်များသေဆုံးသည့်ဓာတ်ပုံ ဖေ့စ်ဘွတ်ခ်ပေါ်တင်သူကို ဆက်သွယ်ရေးပုဒ်မဖြင့် အမှုဖွင့်
DVB
·
October 8, 2018
ကျောက်ဖြူနဲ့ အမ်းမြို့နယ်ကြားက ချောင်းမှာ ညစ်ညမ်းရေကြောင့် ခုံးကောင်တွေ အမြောက်အမြား သေဆုံးနေတာ တွေ့ရှိကြောင်း ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ် တင်ခဲ့သူတဦးကို ဆက်သွယ်ရေးပုဒ်မ ၆၈ (က) နဲ့ တရားစွဲဆိုလိုက်တယ်လို့ ရဲက ပြောပါတယ်။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် လောင်းချောင်းမြစ်အထက်ပိုင်း ကျောက်ဖြူမြို့နဲ့ အမ်းကြားက ကျားအိုချောင်းမှာ စက်တင်ဘာ ၂၂ ရက်က ခုံးအမြောက်အမြား သေဆုံးနေတာ တွေ့ရှိကြောင်း ကိုမျိုးလွင်(အမ်း) အကောင့်ပိုင်ရှင်က ဖေ့စ်ဘွတ်ခ်ပေါ်တင်ခဲ့တာဟာ သတင်းအမှားဖြစ်လို့ ဆက်သွယ်ရေးပုဒ်မ ၆၈(က)နဲ့ အောက်တိုဘာ ၁ ရက်က အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။ အမ်းမြို့မရဲစခန်းမှူးက "ကိုမျိုးလွင်ကို တရားစွဲတာ ဟုတ်ပါတယ်၊ အစိုးရအဖွဲ့ကိုယ်စား အမ်းမြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူးမှ တရားလိုလုပ်တိုင်တာပါ၊ သူကစွဲတာက ဖေ့စ်ဘွတ်ခ် ပေါ်တင်တာနဲ့ပတ်သက်ပြီး စွဲတာပါ၊ အောက်တိုဘာ ၁ ရက်တိုင်တာပါ" လို့ ပြောပါတယ်။ အောက်တိုဘာ ၆ ရက်က အမ်းမြို့မရဲစခန်းက ဆက်သွယ်လာတဲ့အတွက် အမှုဖွင့်ထားတာကိုသိရပေမယ့် ဘာကြောင့် စွဲတယ်ဆိုတာ မသိသေးဘူးလို့ ကိုမျိုးလွင်က ပြောပါတယ်။ "၁ရက်နေ့ကတည်းက အမ်းမြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူးက တိုင်ထားဆိုတဲ့ အကြောင်းကို စခန်းမှူးက ဖုန်းနဲ့အဆက်သွယ်လုပ်တာပေါ့၊ ရဲစခန်းလာပြီးတော့ အစစ်ဆေးခံဖို့ပြောတာပေါ့။ ကျနောက်ကတော့ ၁၂ ရက်နေ့မှ ရောက်မှာဖြစ်တဲ့အတွက် ရောက်တဲ့အခါမှ အစစ်ဆေးခံမယ်ဆိုတာကို ပြောလိုက်ပါတယ်။ ဖေ့စ်ဘွတ်ခ်ပေါ်မှာ Post တင်တဲ့အကြောင်းအရာလို့ပဲ ပြောပါတယ်။ ဘယ်အကြောင်းလဲဆိုတာ တိတိကျကျတော့ မပြောပါဘူး၊ ရဲစခန်းရောက်မှပဲ သိရမယ်။" ကျောက်ဖြူမြို့ ရေနံတင်ဆိပ်ကမ်းရှိရာ မြဒေးကျွန်းဆိပ်ကမ်းနားက စတင်ထွက်လာတဲ့ ညစ်ညမ်းရေတွေကြောင့် ငါး၊ ပုစွန်၊ ဂဏန်းတွေ ဖမ်းဆီးရမိမှု ကျဆင်းလာပြီး ရေလုပ်သားတွေ ထိခိုက်နေကြောင်း၊ ခုံးကောက်သူတွေလည်း အရေပြားရောဂါဖြစ်ပွားနေကြပြီး ခုံးအမြောက်အမြား သေဆုံးနေကြောင်း စတဲ့ သတင်းတွေကို ကိုမျိုးလွင် (အမ်း) အကောင့်ပိုင်ရှင်က စက်တင်ဘာ ၂၂ ရက်နဲ့ ၂၃ ရက်နေ့တွေမှာ ဖေ့စ်ဘွတ်ခ်ပေါ် ဖော်ပြခဲ့တာပါ။ ဒါ့အပြင် ကျောက်ဖြူခရိုင်မှ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့တဲ့ တာဝန်ရှိသူတွေဟာ လိမ်ညာတယ်ဆိုပြီး စက်တင်ဘာ ၂၈ ရက်နေ့က ထပ်မံရေးသားဖော်ပြခဲ့ပါတယ်။ အခုလို ဖော်ပြချက်တွေဟာ အများပြည်သူ အထိတ်တလန့်ဖြစ်စေဖို့ ရေးသားတာဖြစ်တဲ့ အတွက် အမှုဖွင့် အရေးယူရတာလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ လူမှုကွန်ရက်ပါ သတင်းတွေနဲ့ ပတ်သက်လို့ ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်ငါးလုပ်ငန်းနဲ့ ခရိုင်သစ်တောဦးစီးဌာနတို့က စက်တင်ဘာ ၂၄ ရက်နေ့မှာ သွားရောက်စစ်ဆေးခဲ့ပြီး ခုံးတွေသေတာ မတွေ့ခဲ့ရသလို ခုံးကောင် အငယ်တွေ သေဆုံးတာ ကလည်း သဘာဝအတိုင်း သေဆုံးတာလို့ ငါးလုပ်ငန်း ဦးစီးဌာနက ရှင်းပြထားပါတယ်။ ထွန်းထွန်းနိုင်၊ ခိုင်ရာဇာ (ကျောက်ဖြူ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024