Home
မြန်မာသတင်း
ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးရန် ဒါရိုက်တာ မင်းထင်ကိုကိုကြီးအစား လူမင်းကိုပြောင်းလဲ တာဝန်ပေး
ပြည့်ဘုန်းအောင်
·
October 7, 2018
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္ထိရုပ်ရှင်ဇာတ်ကားမှာ မူလက ဇာတ်ညွန်း၊ ဒါရိုက်တာအဖြစ် တာဝန်ယူထားတဲ့ ဒါရိုက်တာမင်းထင်ကိုကိုကြီးကို လက်ရှိမှာတော့ တာဝန်မပေးတော့ဘူးလို့ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုကပြောပါတယ်။ ဒီကနေ့ ရန်ကုန်မှာ ပြုလုပ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္ထိရုပ်ရှင် ရိုက်ကူး ထုတ်လုပ်ရေး ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာလို့ အဆိုပါ ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကို ပြောပါတယ်။ “သူက အချိန်တလ ထပ်တိုးတောင်းတယ်။ ဒါပေမယ့် တလပေးခဲ့တာတွေက များနေပြီ လေး ငါးကြိမ် မကတော့ဘူးလေ။ ဒါ့ကြောင့်ထပ်ပေးဖို့ကလည်း မဖြစ်တော့ဘူးလေ၊ ဒါ့ကြောင့် သူဒီအတွက် အချိန်မပေးနိုင်ပါဘူး။ ကိုးလ ဆယ်လလောက်ကြာသွားတယ် ဆက်စောင့်လို့က လည်းမဖြစ်တော့ဘူး။ သူတာဝန်ယူထားတဲ့ဇာတ်ညွန်းအပိုင်းကိုပြီး သလောက်လေး ပြပါလို့ ကျနော်တို့ အစည်းအဝေးတွေမှာ ပြောပါတယ်။ ဒါပေမယ့် သူမပြနိုင်ဘူး မပြနိုင်တော့ ဆက်စောင့်ရင်း စောင့်ရင်းနဲ့ဘဲ ၂၀၁၈ ကုန် ၂၀၁၉ ထဲရောက်ပြီး လုပ်ငန်းမစနိုင်မှာလည်း စိုးရိမ်ပါတယ်။ မီဒီယာတွေကရော ပြည်သူတွေကရော တောင်းဆိုနေတော့ ကျနော်တို့ လက်တွဲဖြုတ်လိုက်ရတာပါ”လို့ သူရဦးအောင်ကိုက ပြောပါတယ်။ ဒါရိုက်တာမင်းထင်ကိုကိုကြီးနေရာမှာ ဇာတ်ညွန်း ဒါရိုက်တာအဖြစ် သရုပ်ဆောင် လူမင်းက တာဝန်ယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဇာတ်ကားရိုက်ကူးဖို့ အတွက် မူလကရေးထားတဲ့ ဇာတ်ညွန်းအကြမ်းသာ ပြီးစီးသေးပြီး ဇာတ်ညွန်းပြီးမှသာ ရိုက်ကူးရေးကို စတင်နိုင်မယ်လို့ လူမင်းက ပြောပါတယ်။ ဗိုလ်ချုပ်ရုပ်ရှင်ကို ငွေကျပ်သိန်းပေါင်းတစ်သောင်းခွဲ အကုန်ကျခံရိုက်ကူးမှာဖြစ်ပြီး လက်ရှိ မှာတော့ အလှူငွေ သိန်းတစ်သောင်းကျော် ရရှိထားတယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။ ဒါ့အပြင်ရုပ်ရှင်ကိုတော့ ၂၀၁၉ ဒီဇင်ဘာမှာ ပြသနိုင်ဖို့မျော်မှန်းထားပြီး သရုပ်ဆောင်တွေ ကိုတော့ မူလရွေးချယ်ထားတဲ့သရုပ်ဆောင်တွေကိုဘဲ ဆက်လက် အသုံးပြုသွားမှာပါ။ ဗိုလ်ချုပ်ရုပ်ရှင်ကို ၂၀၁၂ ခုနှစ်က စတင်ရိုက်ကူးရန် စီစဉ်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဗိုလ်ချုပ် နှစ်၁၀၀ရာပြည့် မွေးနေ့မှာ ပြသဖို့ရည်ရွယ်ခဲ့ပေမယ့် ၆ နှစ်အတွင်း ၁၁ မိနစ်စာ ဇာတ်ဝင်ခန်း တခုသာ ရိုက်ကူးနိုင်ခဲ့တာကြောင့် ဝေဖန်မှုများစွာ ရှိခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024