ဘားအံမြို့နယ်တွင် ၂၂ ကေဗွီဓာတ်အားခွဲရုံ တည်ဆောက်မည်
DVB
·
October 7, 2018
ကရင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ပိုမိုကောင်းမွန်ရေးအတွက် ၂၂ ကေဗွီ ဓာတ်အားခွဲရုံကို ပြည်ထောင်စုဘတ်ဂျက်နဲ့ တည်ဆောက်သွားဖို့ရှိနေတယ်လို့ ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာရုံးထံက စုံစမ်းသိရပါတယ်။
ဘားအံမြို့နယ်၊ အိန္ဒု-မော်လမြိုင်သွား ကားလမ်းမကြီး၊ ကမော့ကပို စိုက်ပျိုးရေးခြံ အနီးမှာ တည်ဆောက်သွားမှာလို့ ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာရုံး ဒုတိယအင်ဂျင်နီယာချုပ် ဦးသန်းရွှေကဒီဗွီဘီကို ပြောပါတယ်။
“ကမော့ကပိုခြံနားပေါ့ အဲဒီနေရာမှာ မြေဧရိယာ လည်းရှိတယ်။ လမ်းပန်း ဆက်သွယ်ရေးလည်း ကောင်းတယ်။ အဓိက ခွဲရုံဆောက်မယ်ဆို လို့ရှိရင် မြေနေရာလိုပါတယ်။ လုံလောက်တဲ့မြေနေရာမှ မြေပိုင်ဆိုင်မှု အဓိကလိုမယ်။ မြေပိုင်ဆိုင်မှုလည်းရှိပြီ မြေနေရာလည်း လုံလောက်ပြီဆိုရင် ကျနော်တို့က ဒီခွဲရုံတည်ဆောက်ဖို့ အတွက် လေ့လာရေးလုပ်ပါမယ်။ မကြာခင်မှာဌာနချုပ်ကလည်း ဆင်းလာပြီးတော့ လိုအပ်တဲ့ တွက်ချက်မှုတွေလုပ်မယ်”
အဆိုပါ ၂၂ ကေဗွီ ဓာတ်အားခွဲရုံကို မြေပြင်အခြေအနေတိုင်းတာပြီးစီးပါက အမြန်ဆုံးတည်ဆောက်သွားမယ်လို့ ဆိုပါတယ်။
ကရင်ပြည်နယ်အနေနဲ့ တစ်နှစ်ကို ဓာတ်အားသုံးစွဲမှု ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်း နှစ်စဉ်တိုးတက်လာတဲ့အတွက် ဓာတ်အားခွဲရုံ တည်ဆောက် ပြီးစီးပါက ဗို့အားပိုမို ကောင်းမွန်လာမယ့်အပြင် ဓာတ်အားအလုံ အလောက်သုံးစွဲလာနိုင်မှာ ဖြစ်ပါတယ်။
လက်ရှိသုံးစွဲနေတဲ့ဓာတ်အားကို မော်လမြိုင်နဲ့ သထုံမြို့ဓာတ်အားခွဲရုံတွေကတဆင့် ဓာတ်အားချိတ်ဆက်ရယူပြီး ပြည်နယ်တခုလုံး ဓာတ်အားသုံးစွဲမှု အနည်းဆုံး ၄၀ မဂ္ဂါဝပ်မှ အများဆုံး ၄၃ မဂ္ဂါဝပ် သုံးစွဲနေတာ ဖြစ်ပါတယ်။
ကရင်ပြည်နယ်အစိုးရက ဓာတ်အားသုံးစွဲမှုကို ၂၀၂၂ ပထမနှစ်စီမံကိန်းအနေနဲ့ ပြည်နယ်ဘတ်ဂျက်၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)နဲ့ ဂျပန်နိုင်ငံ (JICA)က ချေးငွေတွေနဲ့ ဓာတ်အားခွဲရုံတွေတည်ဆောက်ရာမှာ ကမ်းနီကျေးရွာ၊ ကမမောင်းမြို့၊ လှိုင်းဘွဲမြို့၊ မြိုင်ကြီး ငူအထူးဒေသတွေမှာ ၃၃ မဂ္ဂါဝပ် ဓာတ်အားခွဲရုံ ၁ ရုံစီ တည်ဆောက်ပေးပြီးဖြစ်ပါတယ်။
အလားတူ သင်္ကန်းညီနောင်မှာလည်း ၂၃/ ၆၆ ကေဗွီ ဓာတ်အားခွဲရုံ တည်ဆောက်ပြီးစီးသွားပြီဖြစ်လိ့ အဆိုပါဓာတ်အားခွဲရုံကနေ ၆၆ ကေဗွီလိုင်းနဲ့ ကော့ကရိတ်မြို့ကို ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးသွားဖို့ အစီအစဉ်ရှိနေပါတယ်။
ရဲမင်းခေါင်