တောင်ငူမြို့၌ ယာဉ်ပိတ်ဆို့ရှာဖွေစဉ် လူ ၂ ဦးထံမှ သေနတ် ၂ လက် ဖမ်းဆီးရမိ
DVB
·
October 7, 2018
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့မှာ အောက်တိုဘာ ၆ ရက် ညပိုင်းက အမျိုးသား ၂ ဦးထံကနေ ပစ္စတိုသေနတ် ၂ လက် ဖမ်းဆီးရမိခဲ့တယ်လို့ တောင်ငူမြို့မရဲစခန်းက သိရပါတယ်။
တောင်ငူရဲစခန်းကတာဝန်ရှိသူတွေဟာ တောင်ငူမြို့ (၁၉) ရပ်ကွက် စစ်တောင်း တံတားထိပ်မှာ ယာဉ်တွေကို ပိတ်ဆို့ရှာဖွေနေစဉ် ည ၉ နာရီလောက်မှာ သံတောင်ဘက်ကနေ တောင်ငူဘက်ကို ချားလူး (၅၆)နှစ် မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို ရှာဖွေစစ်ဆေးရာ လွယ်အိတ်ထဲက ပစ္စတိုတလက်နဲ့ ကျည် ၆ တောင့် သိမ်းဆည်းရမိခဲ့လို့ တောင်ငူ (၁၉) ရပ်ကွက်ရှိ ချာလူးရဲ့ နေအိမ်သို့ သွားရောက်ရှာဖွေရာ ကျည်ဆန် (၃) တောင့် ထပ်မံသိမ်းဆည်း ရမိခဲ့ပါတယ်။
အလားတူ တောင်ငူမြို့ ဗိုလ်မှူးဖိုးကွန်းလမ်းမပေါ်ရှိ အ.ထ.က (၂) ကျောင်းရှေ့မှာ အမှတ်(၂)နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်တွေက ယာဉ်တွေကို ပိတ်ဆို့ရှာဖွေစဉ် ၉ နာရီခွဲလောက်မှာ သိန်းနိုင်မောင်းနှင်ပြီး ကေအန်ယူတပ်မဟာ (၃)ရင်း(၉)မှ တပ်ကြပ် စောဇော်မှိုင် လိုက်ပါလာတဲ့ မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေစစ်ဆေးရာမှာ လွယ်အိတ်ထဲက ကိုးမမ ပစ္စတိုတလက်နဲ့ ကျည် ၂၃ တောင့် ရှာဖွေသိမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
အခုလို ဖမ်းဆီးရမိခဲ့တဲ့အတွက် လက်နက်ခဲယမ်းတွေကို တရားမဝင်ကိုင်ဆောင်သူ ချားလူးနဲ့ စောဇော်မှိုင်းတို့ကို အပစ်အခတ်ရပ်စဲထားတဲ့ ကေအန်ယူအဖွဲ့မှဖြစ်တာကြောင့် စစ်ဘက်ဆိုင်ရာလုံခြုံရေးနှင့်အကြံပေးအဖွဲ့(စရဖ) တောင်ငူတပ်စုသို့ လွှဲပြောင်းပေးလိုက် တယ်လို့ တောင်ငူခရိုင်ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။