Home
မြန်မာသတင်း
မင်းပြားတွင် ကျွဲများသေဆုံးမှု လည်ချောင်းကွဲ ကူးစက်ပိုးကြောင့်ဟုစစ်ဆေးတွေ့ရှိ
DVB
·
October 6, 2018
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ ကျွဲတွေအစုလိုက်အပြုံလိုက် သေဆုံးခဲ့တာဟာ လည်ချောင်းကွဲ ကူးစက်ပိုးကြောင့်ဖြစ်တယ်လို့ မွေးမြူးရေးနဲ့ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာသန်းနိုင်က ပြောပါတယ်။ ပြီးခဲ့တဲ့သြဂုတ်လနဲ့ စက်တင်ဘာလအတွင်းက မင်းပြားမြို့နယ်ပန်းမြောင်းကြီးချောင်း အိုးပျဉ်းတောင်ကျေးရွာအနီးနဲ့ ရိုးမတောင်တွေမှာ ကျွဲတွေ အစုအလိုက် အပြုံလိုက် သေဆုံးခဲ့တာပါ။ ဒါနဲ့ပတ်သက်လို့ အဖြေသိရှိဖို့ သေဆုံးတဲ့ကျွဲတွေရဲ့ နမူနာတွေကို ရန်ကုန် အင်းစိန် ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းမှာ ပြီးခဲ့တဲ့လက ပို့ဆောင်စစ်ဆေးခဲ့ပါတယ်။ ဒေါက်တာသန်းနိုင်က “ဒီလိုကူးစက်ရာဂါ လက္ခဏာတွေကတော့ အစားအသောက် ပျက်တာတွေ၊ နှာသီးခြောက်တာတွေ၊ အသက်ရှူမြန်တာတွေ၊ နှာရည်ကျတာတွေ၊ အဆုတ်ရောင်တာတွေနဲ့ သေခါနီးဝမ်းလျှောတာတွေ၊ အပူချိန် ၁၀၅ ကနေ ၁၀၇ အပူချိန်မြင့်လာတာတွေ ဖြစ်ပါတယ်။ ဒီလိုဖြစ်လာရင်တော့၂၄ နာရီအတွင်းသေဆုံးနိုင်တယ်” လို့ ပြောပါတယ်။ လည်ချောင်းကွဲရောဂါဆိုတာ ရာသီဥတုပြောင်းလဲတာကြောင့် ဖြစ်ပြီး မိုးအလွန်များတာ၊ နေအလွန်ပူတာ၊ ရာသီဥတုပြင်းထန်တာတွေနဲ့ အလုပ်ပင်ပန်းတာတွေ၊ အစားအသောက် အနေအထိုင်မကောင်းတာတွေနဲ့ ကိုယ်ခံအားခံအားကျတာတွေကြောင့် ရောဂါ ကူးစက်လွယ်ကူပြီးသေဆုံးနှုန်း ၅၀ ရာခိုင်းနှုန်းကနေ ၁၀၀ ရာခိုင်နှုန်းအထိ ရှိနိုင်တယ်လို့ ပြောပါတယ်။ ရောဂါကြောင့်သေဆုံးသွားတဲ့ ကျွဲနွားတွေရဲ့အစားအသောက်အကြွင်းအကျန်ကို မီးရှို့ဖျက်ဆီးဖို့၊ စနစ်တကျမြေမြှုပ်ဖို့၊ ကျွဲ၊ နွားအသေအကောင်တွေကို တနေရာက တနေရာပြောင်းရွှေ့တာတွေ၊ အသားတွေကိုရှောင်းချတာ မလုပ်ဖို့ကိုလည်း မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနက အကြံပြုထားပါတယ်။ ပြီးခဲ့တဲ့သြဂုတ်လနဲ့ စက်တင်ဘာလက မင်းပြားမြို့နယ်မှာ ကျွဲ ၄၆ ကောင် သေဆုံး ခဲ့တယ်လို့ သတင်းထုတ်ပြန်ပေမယ့် ကျွဲ၊ နွားအကောင် ၁၀၀ ကျော် သေနိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024