ဆန္ဒပြပွဲအတွင်း အစ္စရေးရဲပစ်ခတ်မှုကြောင့် ပါလက်စတိုင်း ၃ ဦးသေ၊ ၁၂ဝ ကျော် ဒဏ်ရာရ

ဂါဇာနယ်စပ်အနီး အောက်တိုဘာလ ၅ ရက်ကပြုလုပ်တဲ့ ဆန္ဒပြပွဲအတွင်း အစ္စရေး တပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့်  ၁၂ နှစ်အရွယ် ကလေး တဦးအပါအဝင် ပါလက်စတိုင်း ၃ ဦး သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း တာဝန် ရှိသူတွေက ပြောပါတယ်။ ဒါ့အပြင် ၁၂၆ ဦး ဒဏ်ရာရခဲ့တယ်လို့  ဂါဇာကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားပါတယ်။ အစ္စရေးဘက်ကတော့ အစ္စရေး စစ်သားတွေကို လက်ပစ်ဗုံးတွေ၊ ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ ပစ်တာကို ကာကွယ်ပြီး ပြန်လည် ပစ်ခတ်တာဖြစ်တယ်လို့ တုံ့ပြန်ပြောဆို ခဲ့ပါတယ်။ ထောင်နဲ့ချှီတဲ့ ပါလက်စတိုင်းတွေဟာ အစ္စရေး နယ်စပ်တလျှောက်မှာ သီတင်းပတ်တိုင်း   စုဝေးဆန္ဒပြကြပါတယ်။ ဆန္ဒပြသူတွေက အစ္စရေးနဲ့ အီဂျစ်တို့ရဲ့ ပိတ်ဆို့မှုကို အဆုံးသတ်ရေး၊ အစ္စရေးနိုင်ငံ ထူထောင်ချိန်မှာ မောင်းထုတ်ခံရတဲ့ ပါလက်စတိုင်း မိသားစုတွေရဲ့ မြေယာတွေ ပြန်လည် ရရှိရေးတို့ကို တောင်းဆိုတာ ဖြစ်ပါတယ်။ အစ္စရေးတို့ကတော့ ဂါဇာဒေသမှာရှိတဲ့ ဟားမတ်စ်အဖွဲ့ဟာ ဆန္ဒပြပွဲတွေကို ဖန်တီးပြီး သူတို့ရဲ့ တိုက်ခိုက်မှုတွေကို ဖုံးကွယ်နေတယ်လို့ စွပ်စွဲပြောကြားပါတယ်။ ပြီးခဲ့တဲ့ မတ်လက စတင်ခဲ့တဲ့ ဂါဇာနယ်စပ် ဆန္ဒပြပွဲအတွင်း အစ္စရေး တပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့်  အနည်းဆုံး ပါလက်စတိုင်း ၁၉၅ ဦး သေဆုံးခဲ့တယ်လို့ ဂါဇာဒေသ ကျန်းမာရေး ဝန်ထမ်းတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up