Home
မြန်မာသတင်း
ဟံသာဝတီလေဆိပ်သစ် စီမံကိန်းကြောင့် အိမ်နှင့်ဘုန်းကြီးကျောင်းများ ပြောင်းရွှေ့ရ
နန်းမြနဒီ
·
August 17, 2012
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်ထဲမှာ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် ဆောက်လုပ်ဖို့ အစီအစဉ် ရှိနေတဲ့အတွက် စီမံကိန်းနယ်မြေထဲက လူနေအိမ်တွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေ  ပြောင်းရွှေ့နေကြရပါတယ်။ ပဲခူးမြို့တောင်ဘက်က ဘုရားသုံးဆူနဲ့ စာကလေးကွင်း ကျေးရွာအုပ်စုထဲက အိမ်ခြေပေါင်း ၁၀၀ ပတ်ဝန်းကျင်နဲ့ ဘုန်းကြီးကျောင်း ၁၆ ကျောင်းဟာ စီမံကိန်း နယ်မြေထဲက ရွှေ့ပြောင်းပေးနေရတာပါ။ ရွှေ့ပြောင်းခံမယ့် ဘုန်းကြီးကျောင်းတကျောင်းက သံဃာတော်တပါးကတော့ အခုလို ၀ါတွင်းအချိန်မှာ ဘုန်းကြီးကျောင်း ပြောင်းရွှေ့ဖို့ အခက်တွေ့နေတယ်လို့ မိန့်ကြားပါတယ်။ “မနေ့က ဦးဇင်းကို ခေါ်ပြီးထပ်ပြောတယ်။ ရွှေ့ပြောင်းဖို့ ၃ လ ပေးတယ်။ ဦးဇင်းတို့မှာလည်း ရွှေ့ပြောင်းဖို့ တော်တော်လေး အခက်အခဲ ရှိတယ်လေ။ ၀ါတွင်းကာလ ဖြစ်နေတာကို။ ဦးဇင်းက ဒီတ၀ါတော့ နေခွင့်ပြုဖို့ မေတ္တာရပ်ခံတာပေါ့။ မရဘူးတဲ့။ အရင်ရက်တွေလည်း ပေးထားပြီးပြီတဲ့။ နောက်ထပ် ၃ ရက်ပဲ ပေးမယ်ဆိုတာက ဒီနေ့ နောက်ဆုံးပဲ။ ၈ ရပ်ကွက်နဲ့ ၉ ရပ်ကွက်တွေမှာတော့ ၀ရမ်းထုတ်တယ်လို့ ပြောသံကြားတယ်။” ဒေသခံတွေကတော့  အဲဒီနေရာကနေ ရွှေ့ပြောင်းဖို့ လွန်ခဲ့တဲ့ ၃-၄ လ ကတည်းက ခရိုင်အုပ်ချုပ်ရေးမှူးက ညွန်ကြားထားပေမယ့် ပြန်ပြီးနေရာချ ထားပေးတာ မရှိတော့ ခုထိဘယ်ပြောင်းရမှန်းမသိဘဲ အခက်တွေ့နေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ ဒီအခက်အခဲကို ကူညီဖြေရှင်းပေးဖို့ သံဃာတော်တွေနဲ့ ရွာသားတွေက ပဲခူးမြို့မှာ တရားဥပဒေစိုးမိုးရေးကိစ္စ ဆောင်ရွက်နေတဲ့ သာသနာ့ လင်းရောင်စဉ်အဖွဲ့ကို ဆက်သွယ် အကူအညီ တောင်းခဲ့ပါတယ်။ အဲဒီအဖွဲ့ကို ဦးဆောင်သူ ဦးကြည်လင်းက “သက်သေအထောက်အထား မရှိဘဲနဲ့ နေမယ်ဆိုရင်တော့ မဖြစ်နိုင်ဘူးလေ။ နေရာတနေရာကို လက်ညှိုးထိုးမပြဘဲ အခုလို ရွှေ့ခိုင်းတာကတော့ တော်တော် ဒုက္ခရောက်တာပေါ့ဗျာ။ ဒီနေရာကနေ မဖယ်ချင်လို့ အကူအညီ လာတောင်းတာတော့ ရှိတယ်။ ၀ါတွင်းကာလ မိုးထဲလေထဲမှာဆိုတော့ ပြောင်းရွှေ့ဖို့ အခက်အခဲ ဖြစ်တဲ့အကြောင်းကို ခရိုင်အုပ်ချုပ်ရေးမှူးကို အသနားခံစာတင်ဖို့တော့ ကျနော်ပြောလိုက်တယ်” လို့ ပြောပါတယ်။ အဲဒီမြေတွေဟာ န၀တအစိုးရလက်ထက်ကတည်းက ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် တည်ဆောက်ဖို့ လျာထားတဲ့ စီမံကိန်းနယ်မြေဖြစ်ပြီး  ၁၀ နှစ်ကျော်ကြာတဲ့အထိ  လေဆိပ် အကောင်အထည် မဖော်ဖြစ်တဲ့အတွက် လူတွေက ၀င်ရောက်နေထိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုလေဆိပ်သစ်စီမံကိန်း ပြန်စတော့မှာ ဖြစ်တဲ့အတွက် နေရာရွှေ့ပြောင်းပေးရမယ့် အခြေအနေ ဖြစ်လာတာပါ။ ရွာသားတွေဟာ မြေပိုင်ကြောင်း ဘာမှ အထောက်အထား မရှိတဲ့အတွက် တရားဥပဒေအရဆိုရင် ဖယ်ပေးရမှာ ဖြစ်တယ်။ ပြောင်းပေးရမယ့် ဘုန်းကြီးကျောင်း ၁၆ ကျောင်းမှာ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့က ခွင့်ပြုထားတဲ့ ကျောင်းတိုက်က ၆ ကျောင်းပဲရှိတယ်။ ၆ ကျောင်းမှာ သာသနာရေးဦးစီးဌာနက ၃ ကျောင်းကို မြေပြန်ပေးဖို့ သဘောတူထားပြီး ကျန်တဲ့ ၃ ကျောင်းက သဘောမတူသေးဘူးလို့ ဦးကြည်လင်းက ဆက်ပြောပါတယ်။ ရွှေ့ပြောင်းပေးရမယ့် အိမ်ခြေ ၁၀၀ ကျော်မှာ တ၀က်လောက်က တခြားနေရာကို ပြောင်းသွားကြပြီ ဖြစ်ပါတယ်။ မပြောင်းရသေးတဲ့အိမ်တွေကို  အာဏာပိုင်တွေက အတင်းဖျက်ခိုင်းထားပြီး မပြောင်းရင် ဖမ်းဆီး အရေးယူမယ်လို့လည်း ခြိမ်းခြောက်ခံထားရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024