မြန်မာ ယူ-၁၇ အသင်းက ဗီယက်နမ် ယူ-၁၇ အသင်းကို (၁-၀)ဂိုးဖြင့်အနိုင်ရ

ဂျပန်နိုင်ငံ၊ ဖူကူရှီးမားမြို့မှာ ကျင်းပနေတဲ့ ၂၀၁၈ ဂျပန်-မဲခေါင် ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ် အဖြစ် မြန်မာ ယူ-၁၇ အသင်းနဲ့ ဗီယက်နမ် ယူ-၁၇ အသင်းတို့ မနေ့က ယှဉ်ပြိုင်ကစားကြရာမှာ မြန်မာအသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ မြန်မာအသင်းအတွက် တစ်လုံးထဲသော အနိုင်ဂိုးကို ပွဲချိန်ပထမပိုင်းပြီးခါနီး ၄၄မိနစ်မှာ အောင်ကိုဦးက သွင်းယူပေးခဲ့တာဖြစ်ပြီး မြန်မာအသင်းဟာ ပွဲဦးထွက် ၃ မှတ် အမှတ်ပြည့် ရယူနိုင်ခဲ့ပါတယ်။ အုပ်စု (ခ)ပွဲစဉ်ဖြစ်တဲ့ အိမ်ရှင် ဂျပန် ယူ-၁၇ အသင်းနဲ့  ကမ္ဘောဒီယား ယူ-၁၇ အသင်းတို့ ပွဲစဉ်မှာတော့ ဂျပန်အသင်းက ၅ဂိုးပြတ်အနိုင်ရ ရှိသွားပါတယ်။ မြန်မာအသင်းဟာ အုပ်စုဒုတိယပွဲစဉ်အဖြစ် အိမ်ရှင် ဂျပန်အသင်းနဲ့ အောက်တိုဘာ ၆ ရက် မနက် ၁၁နာရီခွဲမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ မြန်မာအသင်းဟာ အိမ်ရှင် ဂျပန်၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီး ယား လူငယ်အသင်းတွေနဲ့ အုပ်စု (ခ)မှာ တအုပ်စုထဲ ယှဉ်ပြိုင်နေရတာဖြစ်ပြီး အုပ်စု ပထမရတဲ့ အသင်းက ဗိုလ်လုပွဲ၊ ဒုတိယရတဲ့အသင်းက တတိယလုပွဲ ယှဉ်ပြိုင်ကစားရမှာပါ။ အုပ်စု (က)မှာတော့ ထိုင်း၊ လာအိုနဲ့ ဂျပန်လူငယ် ယူ-၁၇ အသင်းတွေဖြစ်ကြတဲ့ ရှိုရှီ အထက်တန်းကျောင်းအသင်းနဲ့ ရှိုနန်ဘဲလ်မာရီ အသင်းတို့ တအုပ်စုထဲကျနေပါတယ်။ ရှိုရှီ အထက်တန်းကျောင်းအသင်းက ထိုင်းယူ-၁၇ အသင်းကို ၂ ဂိုး ၁ဂိုးနဲ့ နိုင်ပြီး လာအိုအသင်းနဲ့ ရှိုနန်ဘဲလ်မာရီအသင်းတို့က တဂိုးစီသရေကျထားပါတယ်။ ဓာတ်ပုံ-MFF

More News
Up