Live
Home
မြန်မာသတင်း
ကျောက်မဲမြို့၊ ရွှေကျင်ကျောင်းတိုက်ဆရာတော် ပစ်ခတ်ခံရပြီးပျံလွန်
DVB
·
October 6, 2018
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ရပ်ကွက် (၇) မှာရှိတဲ့ ရွှေကျင်ကျောင်းတိုက် ဆရာတော် ဦးကလျာဏ၀ံသကို အမည်မသိလက်နက်ကိုင်တွေက အောက်တိုဘာ ၅ ရက် ညနေပိုင်းက ကျောင်းဝင်းအတွင်းလာရောက်ပြီး သေနတ်နဲ့ပစ်ခတ်ခဲ့လို့ ဆရာတော် ပျံလွန်တော်မူ သွားပါတယ်။ ကျောက်မဲမြို့ခံတစ်ဦးက “ညနေ ၆ နာရီခွဲအချိန်လောက်ကပေါ့။ လက်နက်ကိုင်ထားတဲ့သူက ကျောင်းဝန်းအတွင်းမှာရှိနေတဲ့ ရွှေကျင်ကျောင်းဆရာတော်ကို သေနတ်ပစ်သွားတယ်။ ဘာကြောင့် သေနတ်နဲ့ လာပစ်သွားတာလဲ ဆိုတာတော့ မသိရသေးဘူး။ သေနတ်ဒဏ်ရာ (၇)ချက်ထိပြီး သေဆုံးသွားပါတယ်။” လို့ပြောပါတယ်။ စာသင်သားကိုရင်ငယ်လေးတွေ ဘုရားဝတ်ပြုရှိခိုးရန်ပြင်ဆင်နေချိန် ဆိုင်ကယ်စီး သေနတ်သမား ၂ ဦးက ကျောင်းထဲကို ၀င်ရောက်လာပြီး ဘုရားခန်းဝင်မယ့် ဆရာတော်ကို ပစ်ခတ်ခဲ့တာလို့  ရှမ်းသံတော်ဆင့်သတင်းမှာဖော်ပြပါတယ်။ ဆရာတော် ဦးကလျာဏ၀ံသကို ဒေသခံတွေအကြားမှာ  ကျောင်းယွက်ဆရာတော်လို့ လူသိများပြီး သက်တော် ၄၉ ကျော်၊ ၀ါတော်မှာ ၂၀ ကျော်ရှိရာ  အဆိုပါကျောင်းတိုက်မှာ စာသင်သားကိုရင်ငယ် ၂၀၀ ကျော်လောက် သီတင်းသုံးနေတယ်လို့ သိရပါတယ်။ ဆရာတော်ဟာ ရှမ်းဘုန်းကြီးဖြစ်ပြီး ကျောက်မဲမြို့ နမ့်ခုံပရဟိတ အသင်းကို ဦးစီးကာ ပရဟိတလုပ်ငန်းတွေကို  ဆောင်ရွက်နေတဲ့ ဆရာတော်လည်းဖြစ်ပါတယ်။ လက်ရှိ ဆရာတော်ရဲ့ ရုပ်ကလပ်ကို ကျောက်မဲပြည်သူ့ဆေးရုံကို ပို့ဆောင်ထား တယ်လို့ သိရပါတယ်။ ဘယ်လက်နက်ကိုင်အဖွဲ့က  ဆရာတော်ကို ဘာကြောင့် လာရောက်ပစ်ခတ်ခဲ့တာလဲ ဆိုတာကိုတော့ ဘယ်သူမှ အတည်မပြုနိုင်သေးပါဘူး။ ကျောက်မဲမြို့နယ်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းမှာတော့ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိတဲ့ ဒေသဖြစ်ပြီး မြန်မာ့တပ်မတော်၊ RCSS/SSA နဲ့ TNLA တပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေလည်း ရှိနေတဲ့ နေရာဖြစ်ပါတယ်။ ခွန်ဇော်ဦး

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024