Home
မြန်မာသတင်း
Yangon New World စီမံကိန်းမြေတွင်လုပ်ပိုင်ခွင့် ဇေကမ္ဘာထံက တပ်မတော်ပြန်သိမ်း
ပြည့်ဘုန်းအောင်
·
October 5, 2018
သဘောတူစာချုပ်ပါ အချက်အလက်တွေကို ချိုးဖောက်တာကြောင့် မြရိပ်ညိုဟိုတယ်အပါအဝင် ဆက်စပ်မြေနေရာမှာ စီမံကိန်းတွေလုပ်ပိုင်ခွင့်ကို ဇေကမ္ဘာကုမ္ပဏီထံက တပ်မတော်က ပြန်သိမ်းယူလိုက်ပါတယ်။ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ  မြရိပ်ညိုဟိုတယ်ဟောင်းမြေနေရာမှာတည်ဆောက်မယ့်  Yangon New World စီမံကိန်းနဲ့ ပတ်သက်ပြီး ဇေကမ္ဘာကုမ္ပဏီနဲ့ စစ်ထောက်ချုပ်ရုံးတို့ ချုပ်ဆိုထားတဲ့စာချုပ်ကို ဇေကမ္ဘာ ကုမ္ပဏီဘက်က လိုက်နာမှုမရှိဘူးလို့ တပ်မြို့စည်ပင် (ရန်ကုန်) က ပြောပါတယ်။ ဇေကမ္ဘာကုမ္ပဏီဟာ စာချုပ်အရ ပေးသွင်းရမယ့်ငွေတွေကို ပေးအပ်ခြင်း မရှိတာကြောင့် မြရိပ်ညိုဟိုတယ်အပါအဝင် ဆက်စပ်မြေနေရာ လုပ်ပိုင်ခွင့်တွေကို တပ်မတော်ဘက်က ပြန်သိမ်းလိုက်တာလို့ တပ်မြို့စည်ပင်သာယာရေးအဖွဲ့(ရန်ကုန်)က ဒုဗိုလ်မှူးကြီးတစ်ဦးက ဒီဗွီဘီကိုပြောပါတယ်။ “ကျနော်တို့နဲ့ ဇေကမ္ဘာက MOA စာချုပ်ဘဲ ချုပ်ထားတယ်အဆင့်ဘဲရှိသေးတယ်။ BOT မချုပ်ရသေးဘူး ဒါပေမဲ့သူတို့ဘက်က BOT အဆင့်ရောက်မှ လုပ်ရမဲ့ ကိစ္စတွေကို ကြိုတင်လုပ်ဆောင်ခဲ့တယ်။ သူတို့လုပ်တဲ့ စီမံကိန်းတွေထဲမှာဆို ရှေးဟောင်း အဆောက်အဦ အမွေအနှစ်ထဲမှာပါတဲ့ မြို့တော်ဝန်ဧည့်ဂေဟာအပါအဝင် အဆောက်အဦ ၄ လုံးကိုလည်း ကြိုတင်ခွင့်ပြုချက်မရှိဘဲ ဖျက်လိုက်တယ်။ နောက်တစ်ခုက စာချုပ်အရ နိုင်ငံတော်ကို ပေးသွင်းရမယ့် ငွေကြေးတွေရှိတယ်။ ဒါတွေကို သူတို့က သတ်မှတ်ကာလမှာ မပေးနိုင်ဘူး။ စာချုပ်ပါ အချက်အလက်တွေကို ချိုးဖောက်တာပေါ့။ ဒါကြောင့် ကျနော်တို့ဘက်ကနေ အခုလိုပြန်ရုပ်သိမ်းလိုက်ရတာပါလို့ ” ဒုဗိုလ်မှူးကြီးက ပြောပါတယ်။ စစ်ထောက်ချုပ်ရုံးနဲ့ ဇေကမ္ဘာကုမ္ပဏီတို့ဟာ ၂၀၁၄ခုနှစ်ကစပြီး MOA စာချုပ်ချုပ်ဆိုပြီး ဟိုတယ်လုပ်ငန်းတွေလုပ်ကိုင်ခဲ့တာပါ။ သဘောတူညီအချက်အရ မြေအသုံးချခွင့်ကို အမေရိကန်ဒေါ်လာ ၄၁ သန်းကျော်ပေးသွင်းရမှာဖြစ်ပေမယ့်ကုမ္ပဏီအနေနဲ့ ၁၆ သန်းကျော်သာ ပေးသွင်းခဲ့ပြီး  ၂၄ သန်းကျော်ကို ပေးသွင်းခဲ့ခြင်း မရှိဘူးလို့  သိရပါတယ်။ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ကုမ္ပဏီဘက်ကို သတိပေးစာတွေ ပေးပို့ခဲ့ပေမယ့် သဘောတူညီချက်ကို  ပျက်ကွက်ခဲ့ တယ်လို့လည်း တပ်မတော်ဘက်က ပြောပါတယ်။ “စာချုပ်ပါအရက ငွေကို ၅ ရစ်ခွဲပေးရမယ်။ ဘယ်ကာလကနေ ဘယ်ကာလအထိပေါ့။ နောက်တော့မှ အဆောက်အဦးတွေ ဆောက်ပိုင်ခွင့်တို့ လုပ်ဆောင်ခွင့်တွေရှိမှာပါ။ ကုမ္ပဏီအနေနဲ့လည်း တနှစ်ကို နိုင်ငံတော်ကို ဒေါ်လာ ၁ ဒသမ ၂ သန်းပေးသွင်းရမယ်။ ဒါက နိုင်ငံတော်ကို သူတို့တိုက်ရိုက်ပေးရမှာ တပ်ကိုပေးရတာ မဟုတ်ဘူး။ ဒါတွေကိုလည်း မလိုက်နာဘူးလို့ ” ဒုဗိုလ်မှူးကြီးကပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဇေကမ္ဘာကုမ္ပဏီဘက်ကိုတော့  သဘောထားသိရဖို့ ဆက်သွယ် မေးမြန်းနိုင်ခြင်းမရှိသေးပါဘူး။ ဇေကမ္ဘာကုမ္ပဏီအနေနဲ့ တရုတ်နိုင်ငံ အခြေစိုက် ကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းပြီး Yangon New World စီမံကိန်းကို ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမြုပ်နှံပြီး အကောင်အထည် ဖော်ဆောင်ရွက်မယ်လို့ နိုင်ငံပိုင် သတင်းစာတွေမှာ ကြော်ငြာထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024