နိုင်ဂျီးရီးယား ရေကြီးမှု လူ ၂ဝဝ ခန့်သေဆုံး၊ လူထောင်ချီ အိုးအိမ်စွန့်ခွာ

2.5K
နိုင်ဂျီးရီးယားနိုင်ငံ ပြည်နယ် ၁၂ ခုမှာ ရေလွှမ်းနေတာကြောင့် အနည်းဆုံး လူ ၁၉၉ ဦး သေဆုံးပြီး ထောင်နဲ့ချီတဲ့ ပြည်သူတွေ အိုးအိမ်စွန့်ခွာခဲ့ရပါတယ်။
ရေလွှမ်းဒဏ် အဆိုးဆုံးခံရတဲ့ ပြည်နယ်တခုဖြစ်တဲ့ နိုက်ဂျာပြည်နယ်မှာ လူ အနည်းဆုံး ၄၀ သေဆုံးခဲ့ပါတယ်။ အိမ်တွေ ယာတွေ အကုန်လုံးရေလွှမ်းနေတာကြောင့် တနေရာကနေ တနေရာကို လှေငယ်တွေနဲ့သာ သွားလာနိုင်ပါတယ်။
ပြည်နယ်အတွင်း မိုးသည်းပြီး ဆည်နှစ်ခု ရေလျှံတာကြောင့် အခုလို ရေကြီးနေတာပါ။ ဒါကြောင့် လယ်ယာနဲ့ ငါးဖမ်းလုပ်ငန်း အဓိကလုပ်ကိုင်တဲ့ ဒေသခံတွေအဖို့ ထိခိုက်ဆုံးရှုံးမှု ကြီးတယ်လို့လည်း သိရပါတယ်။
အိုးအိမ်စွန့်ခွာ ပြည်သူတွေဟာ ပြည်နယ်မြို့တော်အနီးရှိ အစိုးရကျောင်း တခုကို စုပြုံရောက်ရှိနေပြီး ပြန်လည်နေရာချထားရေး အစီအစဉ်တွေကို လုပ်ဆောင်နေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
စက်တင်ဘာ ၁၇ ရက်ကတည်းက နိုင်ဂျီးရီးယားနိုင်ငံ ပြည်နယ် ၄ ခု ကို “အမျိုးသား သဘာဝဘေးသင့်ရာဒေသ” အဖြစ် အစိုးရက ကြေညာခဲ့ပြီး နိုင်ငံသမိုင်းမှာ အဆိုးဆုံးရေကြီးမှု တွေထဲက တခုဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။